ပလောက်မြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေများပေးအပ်

ပလောက်   ဩဂုတ်  ၂၀

တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်း ချုပ်ရေးကာလအတွင်း၌ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် နိုင်ငံတော်အစိုးရက ပုံမှန်ဝင် ငွေ မရှိသော အခြေခံအိမ်ထောင်စု များအတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေများကို ယမန်နေ့ မွန်းလွဲပိုင်းမှစတင်၍ ပလောက်မြို့အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစားအိမ်ထောင်စုများ အတွက် နိုင်ငံတော်အစိုးရမှ ပလောက်မြို့ ရပ်ကွက်(၄)ရပ်ကွက်တွင် ပထမအကြိမ်အဖြစ် အခြေခံစားသောက်ကုန် (၅)မျိုး ကို အိမ်ထောင်စုပေါင်း (၅၀၀) ၊ ဒုတိယအကြိမ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိသောအိမ်ထောင်စုများ ကို တစ်စုလျှင် ငွေကျပ် (၁၅၀၀၀/-) နှုန်းဖြင့် အိမ်ထောင်စုပေါင်း (၃၀၉)၊ တတိယအကြိမ် တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀/-) နှုန်းဖြင့် အိမ်ထောင်စု (၈၀၉)ကို ထောက်ပံ့ပေးခဲ့ပြီး၊ယခု စတုတ္ထအကြိမ်တွင် အိမ်ထောင်စုပေါင်း ( ၈၀၉) စုအတွက် ငွေကျပ် (၁၆၁၈၀၀၀၀/-)ကိုထပ်မံထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မှသိရသည်။

နှင်းမြူလွင်