မြစ်ကြီးနား နိုဝင်ဘာ ၁၅
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကချင်ပြည်နယ် ဦးစီးမှူးရုံး၏ အောက်တိုဘာလအတွင်း ''ပန်းခင်းစီမံချက်''ဖြင့် ကွင်းဆင်းဆောက်ရွက်ပြီးစီးခဲ့သည့် နိုင်ငံသား စိစစ်ရေးကတ်နှင့် အိမ်ထောင်စုဇယား ပေးအပ်ပွဲအား ယနေ့နံနက် ၉ နာရီ အချိန်က မြစ်ကြီးနားမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အိမ်ထောင်စုဇယားနှင့် နိုင်ငံသား စီစစ်ရေးကတ်ပြားဟာ ပြည်သူများ၏ လူမှုရေး၊စီးပွားရေး ၊ ကျန်းမာရေး၊ ပညာရေး အစရှိသော နေရာများတွင် အသုံးပြုနေရတာဖြစ်တဲ့အတွက် မရှိမဖြစ်လိုအပ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားဆောက်ရွက်ပေးခြင်းဟာ နိုင်ငံသားဥပဒေနှင့်အညီ ဆောင်ရွက်ပေးတာကြောင့် မိမိရဲ့ ကိုယ်ရေးအချက်အလက်များကို မှန်မှန်ကန်ကန် ဖြည့်သွင်းပေးဖို့လိုမှာဖြစ်ပြီး အထောက်အထား ပြည့်စုံမှန်ကန်ပါက လွယ်ကူလျှင်မြန်စွာ ရရှိမှာဖြစ်ပါကြောင်း၊ ရရှိလာတဲ့ နိုင်ငံသားစိစစ်ရေး ကတ်ပြားနဲ့ အိမ်ထောင်စုယားများအား ရိုရိုသေသေ ၊ စနစ်တကျ ကိုယ်တွယ်အသုံးပြုဖို့နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများ လိုက်နာရမည့်အချက်များကိုလည်း သိရှိ နားလည်ဖို့ လိုအပ်မှာဖြစ်ကြောင်း အမှာစကားပြောကြားသည်။ ယင်းနောက် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးရာ၀န်ကြီး ဦးဝင်းရဲထွန်းမှ "ပန်းခင်းစီမံချက်" ဆိုင်ရာလုပ်ငန်းကိစ္စရပ် များအား ရှင်းလင်း တင်ပြသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်တရားသူကြီးချုပ်က အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပေးအပ်ရာ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးများမှ လက်ရခံရယူသည်။ အဲ့ဒီနောက်အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်၀န်ကြီးများက ဆက်လက်ပေးအပ်ရာ ဒေသခံပြည်သူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ကချင်ပြည်နယ်အတွင်းခရိုင်(၄)ခရိုင်ရှိ မြို့နယ်(၁၈)မြို့နယ်တွင် ဒေသခံပြည်သူများ အတွက် "ပန်းခင်းစီမံချက်" ဖြင့် အောက်တိုဘာလအတွင်း ကွင်းဆင်းဆောင်ရွက်ရာတွင် နိုင်ငံသား စိစစ်ရေးကတ်ပြား (၇၂၈၄)ကဒ်နှင့် အိမ်ထောင်စုလူဦးရေ စာရင်း (၆၁၃)စု ပြုလုပ် ပေးနိုင်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကချင်ပြည်နယ် ဦးစီးမှူးရုံးမှ သိရသည်။
ပြည်နယ် ပြန်/ဆက်