မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၁ခုနှစ် စုပေါင်းမဟာဘုံကထိန် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ

ချမ်းအေးသာစံ     နိုဝင်ဘာ   ၁၅

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၁ခုနှစ် စုပေါင်းမဟာဘုံကထိန် ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကို  ယနေ့ နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ မြို့တော်ခန်းမတွင် ပြုလုပ် ခဲ့သည်။

အခမ်းအနားတွင် တက်ရောက်လာကြသူများမှ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး အာသောကာရာမကျောင်းတိုက်၊ သိမ်ကျောင်းဆရာတော် ဘဒ္ဒန္တပညိန္ဒ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ သံဃာတော်များ ရွတ်ပွားချီးမြှင့်သည့် ပရိတ်တရားတော် မြတ်များအား ရိုသေစွာ နာယူကြည်ညိုခဲ့ကြသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ကထိန်လျာဥတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ၊ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဘဒ္ဒန္တပညာဝရထံမှ အနုမောဒနာတရား နာယူကြည် ညို၍ လှူဒါန်းမှုအစုစုအား ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနား အား “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း ရုပ်သိမ်းခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ကထိန်ခင်းကျင်းလှူဒါန်းမည့် ချမ်းမြသာစည်မြို့နယ်၊ အာသောကာရာမ ကျောင်းတိုက်၊ ကံသာကျောင်းဆရာတော် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တပညာဝရ အမှူးပြုသည့် သံဃာတော်များ ကြွရောက်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး သာသနာ ရေးမှူး ဦးကျော်လှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၁ခုနှစ် စုပေါင်းမဟာဘုံကထိန်ကို ချမ်းမြသာစည် မြို့နယ်၊ အာသောကာရာမကျောင်းတိုက်ရှိ ပုရိမဝါမှ ထတော်မူကုန်သော သံဃာတော် ၂၄၃ ပါးတို့အား မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ ၁၀၆ ခုမှ ပဒေသာပင် ၆၉ ခု၊ သင်္ကန်းဒွိစုံနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများ၊ နဝကမ္မဝတ္ထုငွေများ အပါအဝင် စုစုပေါင်းတန်ဘိုး ငွေကျပ် သိန်း ၂၁၀ ကျော်နှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကို မိသားစုမှ ဆေးပဒေသာပင် အလှူငွေ ကျပ် သိန်း ၅၀ တို့အား လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိပ်ထားနိုင်