ညောင်ရွှေ နိုဝင်ဘာ ၁၅
စာရေးဆရာ လယ်တွင်းသားစောချစ်၏ ပန်းလိုချင် အပင်ကိုပျိုးတတ်မှ စာအုပ်စာ ဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညောင်ရွှေမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်နန်းဆွေဆွေအေးက စာဖတ်ဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဦးဆောင်ဆွေးနွေးရာ စာရေးဆရာ ဦးသောင်းဖေ (ပညာရေးငြိမ်း)က "ကလေးနှင့်ပတ်ဝန်းကျင်၊ ကလေးနှင့်ပညာရေး၊ ကျောင်းနေ ပျော်၍စာတော်ပါစေ" အကြောင်းအရာ များကိုလည်းကောင်း၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးခင်မောင်မြ (ညောင်ရွှေ ခင်မောင်မြ) က "ကလေးနှင့်ဆေးလိပ်၊ ကလေးနှင့်ငွေ၊ အရမ်းပြင်လျှင် အယဉ်ပျက်၊ ဆင်စီးမြင်းရံ၊ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်" အကြောင်းအရာများကိုလည်းကောင်း၊ စာပေ ဝါသနာရှင် ဒေါ်နန်းယဉ်မျိုးခိုင်ထွေးက "ကလေးကိုရိုက်သင့် မရိုက်သင့်၊ အလိုလိုက် အမိုက်စော်ကား၊ သုတစာပေ ဖတ်ပါစေ" အကြောင်းအရာ များကိုလည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။
ထို့နောက် စာဖတ်ဝိုင်းတက်ရောက်လာသည့် စာပေဝါသနာရှင်များက ဦးဆောင်ဆွေးနွေး ခဲ့ကြသူများ၏ ဆွေးနွေးချက် အကြောင်းအရာများအပေါ် အပြန်အလှန် သုံးသပ်ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
စိုင်းအယ်ဘဲ