မြင်းခြံ နိုဝင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ခရိုင်ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ စုပေါင်း မဟာဘုံကထိန် အလှူ တော်ပွဲကို ယနေ့ နံနက် (၉) နာရီ အချိန်က မြင်းခြံမြို့ အမှတ် (၁) ရပ်ကွက် ဇေယျာဓိပတိ ကျောင်းတိုက် တွင် ပြုလုပ်ခဲ့သည်။
မြင်းခြံခရိုင် စုပေါင်းမဟာဘုံကထိန် အလှူတော်ပွဲ အခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ် ဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့ကြပြီး ဘဒ္ဒန္တအာစိဏ္ဏ ကိုးဆောင်တိုက်ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရား တော်များ ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး အောင်ဇော်ထွေး၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင်အေးနှင့် မြင်းခြံ ခရိုင်စီမံအုပ် ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများက တရားတော်များကို နာယူခဲ့ကြသည်။
ဆက်လက်၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးအောင်ဇော်ထွေး၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင်အေးနှင့် မြင်းခြံခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ အကြီးအကဲများမှ ကထိန်သင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများအား ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် ဘဒ္ဒန္တကုမာရဇေယျသိန် ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ထို့နောက် စုပေါင်းမဟာဘုံကထိန် ပွဲအား "ဗုဒ္ဓသာသနံစိရံတိတု" သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
မြင်းခြံခရိုင် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းရာတွင် အလှူငွေနှင့် လှူဖွယ်ပစ္စည်းတန်ဖိုး စုစုပေါင်း (၁၁၈၄၃၄၀၀) ကျပ်အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)