ကော့ကရိတ် နိုဝင်ဘာ ၁၅
(၂၉)ကြိမ်မြောက် ကော့ကရိတ်ခရိုင်/ မြို့နယ်ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ရန်ကုတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို တက်ရောက်လာသော ဆရာတော်၊ သံဃာတော်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ကျေးလက်နေပြည်သူများက နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး၊ ရန်ကုတ်ဘုန်းတော်ကြီး ကျောင်းဆရာတော် ဘဒ္ဒန္တဝိဇယထံမှ ငါးပါးသီလ ခံယူတည်ဆောက်ခဲ့ကြ သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးထွန်းဝေနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော် အရှင် သူမြတ်တို့အား လှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး၊ ရန်ကုတ်ဘုန်းတော်ကြီးကျောင်း ဆရာတော်ထံမှ ရေစက်သွန်းချ အနုမောဒနာတရား နာယူခဲ့ကြသည်။
အဆိုပါ ကော့ကရိတ်ခရိုင် / မြို့နယ် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းရာတွင် အလှူငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းတန်ဖိုး စုစုပေါင်းငွေကျပ် ၁၃၃၄၀၀၀ ကို ရန်ကုတ်ဘုန်းတော်ကြီး ကျောင်း ဆရာတော်အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
စောအောင်မျိုးလွင် (ပြန် / ဆက်)