လမ်းမတော် ဩဂုတ် ၂၀
လမ်းမတော်မြို့နယ် UMFCCI တွင် ASEAN – Business Advisory Council (ASEAN – BAC) ဥက္ကဋ္ဌ Dr. Doan Duy Khoung (ASEAN BAC Vietnam) ဦးဆောင်သော အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ တာဝန်ရှိသူ များပါဝင်သည့် (၈၆) ကြိမ်မြောက် ASEAN Business Advisory Council (ASEAN – BAC) အစည်းအဝေးကို ယမန်နေ့တွင် Video Conferencing ဖြင့် ကျင်းပခဲ့ရာ ကုန်သည် စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။
အစည်းအဝေးတွင် အာဆီယံဒေသတွင်းနိုင်ငံများ ပူးပေါင်းချိတ်ဆက်၍ ဒေသတွင်း စီးပွားရေးခိုင်မာ တောင့်တင်းပြီး အားကောင်းလာ စေရေး အတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ (၈၅) ကြိမ် မြောက် ASEAN BAC အစည်းအဝေး၏ အကျဉ်းချုံး မှတ်တမ်း ကိစ္စရပ်များ၊ ASEAN Responsible and Inclusive Business Alliance (ARAIBA)၊ အာဆီယံဒေသတွင်းထုတ်လုပ်သူများကွန်ရက်၊ အာဆီယံဆက်သွယ်မှုဆိုင်ရာ မဟာစီမံကိန်း (Master Plan on ASEAN Connectivity 2025) အခြေအနေများ၊ ဩဂုတ်လ ၂၈ ရက် တွင် ကျင်းပမည့် AEM Dialogue အတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်နေမှုများ စသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အသီးသီး ဆွေးနွေးခဲ့ကြသည်။
ယမန်နေ့ အစည်းအဝေးတွင် အာဆီယံနိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ ထိုင်း၊ ဘရူနိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ လာအို၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ကမ္ဘောဒီးယားနိုင်ငံများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး အသင်းချုပ်မှဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးသောင်းတင်နှင့် ဗဟိုအလုပ် အမှုဆောင် ဦးမိုးကျော်တို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ကျော်ဆန်းမြင့်