အင်းစိန်မြို့နယ်၌ ရပ်ထားသောတွဲကားအား ဆိုင်ကယ်(၂)စီးမှ ဝင်ရောက်တိုက်မိရာ ဒဏ်ရာ ရရှိသူများကို ကြက်ခြေနီအသင်း(အင်းစိန်)မှ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးပြီး ဆေးရုံသို့ပို့ဆောင်

ရန်ကုန် နိုဝင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ယမန်နေ့ ည(၈)နာရီအချိန်ခန့်က ရပ်ထားသော တွဲကားအား ဆိုင်ကယ်(၂)စီးမှ ဝင်ရောက်တိုက်မိကြောင်း သိရသဖြင့် ကြက်ခြေနီ အသင်း (အင်းစိန်)မှ တာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီ သွားရောက်၍ ရှေးဦးပြုစု နည်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပြီး ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ပေး ခဲ့သည်။

အင်းစိန်မြို့နယ်၊ ပုလဲလမ်းတွင် ရပ်ထားသော တွဲကားအား ဆိုင်ကယ်(၂)စီးမှ အရှိန်ဖြင့် ဝင်ရောက်တိုက်မိရာ ဆိုင်ကယ်စီးနှင်လာသူ အမျိုးသား(၃)ဦး ဒဏ်ရာရရှိသွားကြောင်း အသင်းရုံးသို့ အကူအညီတောင်းခံလာသဖြင့် ကြက်ခြေနီအသင်း (အင်းစိန်)၊ ဥက္ကဋ္ဌ ဦးစည်သူဇော်၊ တပ်ဖွဲ့မှူး ဦးနီထွန်းနှင့် စေတနာ့ လုပ်အားရှင်များက လူနာတင်ယာဉ် ကားများဖြင့် အချိန်နှင့် တစ်ပြေးညီ အဆိုပါဖြစ်ပွားသည့်နေရာသို့ သွားရောက်၍ ဒဏ်ရာ ရရှိသူများကို ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပြီး မြောက်ဥက္ကလာပ ဆေးရုံသို့  ပို့ဆောင် ပေးခဲ့သည်။

အင်းစိန်မြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်အတွက် ကြက်ခြေနီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများက (၂၄)နာရီ လူနာတင်ယာဉ်ကား (၃)စီးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)