မိုင်းဖြတ် နိုဝင်ဘာ ၁၅
ရှမ်းပြယ်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရက်ကွက်နှင့်ကျေးရွာများ အရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မွန်ကာကျောင်းကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အား ဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ လူဝင်မှု ကြီးကြပ်ရေးမှူး ဦးအောင်မြင့်ထွန်းက “ပန်းခင်းစီမံချက်" ဖြင့် ဆောင်ရွက်ပေးသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည် ယင်းနောက် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို” အသိပညာပေး လက်ကမ်းစာစောင် များကို ဖြန့်ဝေပေးခဲ့သည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးမှူး ဦးအောင်မြင့်ထွန်းနှင့် ဝန်ထမ်းများက မွန်ကာကျောင်းကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများမှ နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်လျှောထားသူ နိုင်၃(က) ၃၄ဦး၊ နိုင် ၆(က) ၁၃ဦး၊ နိုင် ၆(က) လဲလှယ် ၄ဦးနှင့် အိမ်ထောင်စု လူဦးရေစာရင်း လျှောက်ထားသူ အိမ်ထောင်စု (၁၀)စု တို့ကို (အခမဲ့) ဆောင်ရွက်ပေးခဲ့သည်။ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီး ဌာန၊ မိုင်းဖြတ်မြို့နယ် ဦးစီးမှူးရုံးမှ “ပန်းခင်းစီမံချက်” လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး (ပြန်/ဆက်)