မိုင်းလုံ နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ကန့်ကန်ကျေးရွာ အုပ်စုအတွင်းရှိ သွားလာရခက်ခဲသော ကျေးရွာများမှ ပြည်သူများ မိုင်းလုံမြို့ရုံးတွင် ထပ်မံလာရောက် ဆောင်ရွက်ခဲ့ကြသည်။
ကန့်ကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူကြီးတို့အား ညှိနှိုင်း၍ ကျေးရွာနေ ပြည်သူများအား မိုင်းလုံမြို့ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနရုံးတွင် လာရောက် ဆောင်ရွက်ရာ လဝကဦးစီးမှူးနှင့် ဝန်ထမ်းများက အိမ်ထောင်စုအသစ်များ ပြုလုပ် ပေးခြင်း၊ မွေးတိုးစာရင်းများကို ဖြည့်သွင်းပေးခြင်း၊ သေဆုံးသူများကို အိမ်ထောင်စုစာရင်းမှ ဖျက်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီးသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြား ပြန်လျှောက်စေခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများကို အသစ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကန့်ကန်ကျေးရွာအုပ်စုနေ ပြည်သူများမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်လက်မှတ်မရှိသူ အမျိုးသား(၂၆)ဦး၊ အမျိုးသမီး (၃၉)ဦး၊ စုစုပေါင်း (၆၅)ဦးနှင့် အိမ်ထောင်စု (၂၆)စုတို့အား ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ဆောင်ရွက်ရာတွင် သွားလာရ အဆင်ပြေသော ကျေးရွာများကို ရွာအရောက်ကွင်းဆင်းဆောင်ရွက်ပေးပြီး အချို့ကျေးရွာများသည် သွားလာရာတွင် အခက်အခဲအမျိုးမျိုးရှိသောကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာသူကြီးများကို ဆက်သွယ်ညှိနှိုင်း၍ ယခုလို မိုင်းလုံမြို့ ရှေ့တန်းရုံးတွင် ဆောင်ရွက်ပေးကြောင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရသိရသည်။
ဇော်ဇော်(ပြန်/ဆက်)