တောင်ဥက္ကလာပမြို့နယ် ရည်ညွှန်းစာကြည့်တိုက်တွင် စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကျင်းပ

တောင်ဥက္ကလာပ နိုဝင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၆)ရပ်ကွက်၊ ရည်ညွှန်းစာကြည့်တိုက်တွင် စာရေးဆရာကြီး ကပ္ပတိန် သာစိန်ရေးသားသော ကမ္ဘာ့နိုင်ငံများ၏ နိုင်ငံတော် အလံများမှတ်စုများ(၂)စာအုပ် မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင်မြို့နယ် စာရေးဆရာအသင်း အတွင်းရေးမှူး ဆရာပန်းမျိုးခင်မှစာရေးဆရာ ကပ္ပတိန်သာစိန်၏ကိုယ်ရေး အကျဉ်းအား ဖတ်ကြား မိတ်ဆက်တင်ပြခဲ့ပြီး မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌထွန်းဖောင်ဒေးရှင်း စာပေဆုရဆရာအောင်ကြည်ညွန့် (တက္ကသိုလ်)နှင့် ဥက္ကလာပစေတီ ဂေါပကဥက္ကဋ္ဌ ဒေါက်တာအေးကိုတို့မှဆရာ ကပ္ပတိန်သာစိန် ရေးသားထုတ်ဝေသော ကမ္ဘာ့နိုင်ငံများ၏ နိုင်ငံတော်အလံများ မှတ်စုများ(၂) စာအုပ်နဲ့ပတ်သက်ပြီး မုဒိတာနှုတ်ခွန်းဆက်စကား ပြောကြား ခဲပါသည်။ ဆက်လက်၍စာရေးဆရာ ကပ္ပတိန်သာစိန်မှ ကမ္ဘာ့နိုင်ငံများ၏ နိုင်ငံတော်အလံများ မှတ်စုများ (၂)စာအုပ်များကို မြန်မာနိုင်ငံစာရေးဆရာအသင်း၊ တောင်ဥက္ကလာပမြို့နယ်၏ ရည်ညွှန်းစာကြည့်တိုက်၊ ရန်ကင်းမြို့နယ်နှင့် တောင်ဥက္ကလာပ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်များသို့ လှူဒါန်းခဲ့ပြီးစာအုပ်မိတ်ဆက်ပွဲသို့ တက်ရောက် လာသူများအားစာအုပ်များ အမှတ်တရလက်ဆောင်ပေး၍ ကျေးဇူးတင်စကား ပြောကြားခဲ့ကာ အခမ်းနားပြီးမြောက်ခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)