ထန်းတပင်မြို့နယ်တွင် မြသိန်းတန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ရဟန္တာအရှင်မြတ်တို့မြို့ပေါ်ရပ်ကွက် များသို့ ဒေသစာရီကြွချီအပူဇော်ခံသွားမည်

ထန်းတပင်(ရန်ကုန်)၊ နိုဝင်ဘာ ၁၄ ရက်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မြသိန်းတန်ဘုရားကြီး ကျောင်းတိုက်တွင် ကိန်းဝပ်စံပယ်တော်မူသော မြသိန်းတန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ရဟန္တာအရှင် မြတ်တို့ မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီအပူဇော်ခံယူပွဲကို နိုဝင်ဘာ(၁၇)ရက် တန်ဆောင်မုန်း လဆန်း(၁၄)ရက်နေ့မှ နိုဝင်ဘာ(၁၉)ရက် တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက်နေ့အထိ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း မြသိန်းတန်ဘုရားကြီးကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တသုမန ထံမှသိရသည်။

နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလဆန်း(၁၄)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်ကျော် (၁)ရက် နေ့အထိ (၃)ရက်တိုင်တိုင် မြို့ပေါ်ရပ်ကွက်များသို့ မြသိန်းတန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ရဟန္တာအရှင်မြတ်တို့ ဒေသစာရီကြွချီအပူဇော်ခံယူပွဲတော်ကို ကျင်းပပြုလုပ်လာခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ဆိုလျှင် (၁၅၈) ကြိမ်မြောက် အထိရှိပြီဖြစ်ကြောင်းလည်းသိရသည်။

ယခင်နှစ်များတွင် မြသိန်းတန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ရဟန္တာအရှင်မြတ်တို့ မြို့ပေါ်ရပ် ကွက်များသို့ ဒေသစာရီကြွချီအပူဇော် ခံယူပွဲတော်မစတင်မီ တန်ဆောင်မုန်းလဆန်း(၁၂)ရက်နေ့နှင့် တန်ဆောင်မုန်းလဆန်း(၁၃)ရက်နေ့တို့တွင် အမှတ်(၂)ရပ်ကွက်ဈေးဟောင်းရှေ့ယာယီမဏ္ဍပ်တွင် (၂)ညတာ ကိန်းဝပ်စံပယ်တော်မူလျက်ရှိသော်လည်း ယခုနှစ်တွင် ကျောင်းပြင်ပယာယီမဏ္ဍပ်တွင် ကိန်းဝပ်စံပယ် တော်မူမည်မဟုတ်တော့ဘဲ မြသိန်းတန် ဘုရားကြီးကျောင်းတိုက်အတွင်းမှသာ မြို့ပေါ်ရပ်ကွက်များ သို့ ဒေသစာရီကြွချီသွားမည်ဖြစ်ကြောင်းလည်းသိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)