ကော့သောင်းတပ်နယ် (၂၆)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော် ကျင်းပ

ကော့သောင်း    နိုဝင်ဘာ   ၁၄

ကော့သောင်းတပ်နယ် (၂၆)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်အား ယနေ့ နံနက် ၉ နာရီက၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) (ကော့သောင်း) ဘုရင့်နောင်တပ်နယ်ခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ အခမ်းအနားအား တက်ရောက်လာသည့် ဆရာတော် သံဃာတော်ကြီးများ၊ စစ်ဗျူဟာအဖွဲ့(အခြေချ)(ကော့သောင်း)၊ စစ်ဗျူဟာမှူး၊ အရာရှိအရာခံတပ်နယ်မိသားစုများ၊ ဧည့်ပရိတ်သတ်များက နမောတသသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ကာ ရွှေပြည်သာ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပါမောက္ခထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူကြည်ညိုကြကာ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ဇော်လင်းနှင့် ဇနီးဒေါ်ခင်မြတ်ကြူတို့မှ ကထိန်ခံ ဒီပါအောင်မြေကျောင်း ဆရာတော် ဘဒ္ဒန္တဣန္ဒစာရအား ကထိန်လျှာဥတ်သင်္ကန်း ဆက်ကပ်လှူဒါန်းပြီး တပ်နယ်မိသားစုများက သံဃာတော်များအား အခြံအရံသင်္ကန်းနှင့် လှူဘွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ကြွရောက်လာသည့် ဆရာတော်သံဃာတော်များအား ပဒေသာပင်များကို မဲဖေါက်ဆက်ကပ်လှူဒါန်းကြကာ လှူဒါန်းမှုအစုစုအတွက်   ရေစက်သွန်းချ  အမျှအတမ်းပေးဝေကြပြီး အခမ်းအနားအားဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ရုတ်သိမ်းကာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။

အဆိုပါ တပ်နယ်စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာတွင် ငွေပဒေသာပင်(၁၆)ပင်မှ  တန်ဖိုး ကျပ်ငွေ(၆၂၈၈၆၀၀)ကျပ်အား ကော့သောင်းတပ်နယ် တပ်ရင်းတပ်ဖွဲ့များက စုပေါင်းလှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ကျော်စိုး (ကော့သောင်း)