တိုက်ကြီး နိုဝင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်မှုနှုန်း လျှော့ချနိုင်ရေးနှင့် ရောဂါကြောင့်သေဆုံးမှုနှုန်းများ ဆက်လက်လျော့ကျလာစေရေးအတွက် အသက် ၄၅ နှစ်အထက် ပြည်သူများအား ပထမအကြိမ် နှင့်အသက် ၅၅ နှစ်အထက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သတ်မှတ်စုရပ်နေရာများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က အိုးတန်းရပ်ကွက် ရန်ကုန် - ပြည်လမ်းရှိ ရွှေဂျိုးဖြူခန်းမ၌ ပထမအကြိမ် ကာကွယ်ဆေးလာရောက် ထိုးနှံသူ (၅၅၇)ဦး၊ ဒုတိယအကြိမ်လာရောက်ထိုးနှံသူ (၂၁၃)ဦး စုစုပေါင်း (၇၇၀)ဦးအား ကာကွယ်ဆေး မထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးတွင်း အောက်ဆီဂျင်ပမာဏ တိုင်းတာခြင်း နှင့် ကာကွယ်ဆေးထိုးမှတ်တမ်းတွင် စာရင်းရေးသွင်းစေခြင်း၊ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကာကွယ်ဆေးထိုးပြီးချိန်တွင်လည်း နာရီဝက်ခန့် စောင့်ကြည့်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူများကို QR Code စနစ်ပါဝင်သည့် ကာကွယ်ဆေးထိုးနှံပြီးကြောင်းမှတ်တမ်းစာရွက်များအား ပြန်လည်ပေးအပ်ခြင်းတို့ကို မြို့နယ်ပြည်သူ့ကျန်းရေးဉီးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဉီးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ နှင့် မြို့နယ်အတွင်းရှိ ပရဟိတအသင်း အဖွဲ့ဝင်များက ပူးပေါင်း၍ ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဆောင်ရွက် ပေးလျက်ရှိသည်။
တိုက်ကြီးမြို့နယ်အတွင်းရှိ ကာကွယ်ဆေးမထိုးနှံရသေးသည့် မိဘပြည်သူများ ကာကွယ်ဆေးများ မပျက်မကွက်လာရောက်ထိုးနှံရေးနှင့် ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေး လိုက်နာရမည့် နည်းလမ်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်စေရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဉီးဆောင်မှုဖြင့် တာဝန်ရှိသူများက မြို့နယ်အတွင်း အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)