မိတ္ထီလာ ဩဂုတ် ၂၀
၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ မိတ္ထီလာခရိုင်အတွင်းရှိ မဲရုံများတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ရန် ရွေးကောက်ပွဲအတွက် အထူးရဲ ၁ဝ၆၉ ဦး ခန့်အပ်တာဝန်ပေးသွားမည်ဖြစ်ကြောင်း မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှူး အုန်းဟန်ဦးထံမှ သိရသည်။
၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမည့် အထွေထွေရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်မယ့် ရွေးကောက်ပွဲအတွက် အထူးရဲ ၁ဝ၆၉ ဦးကို ခန့်အပ်တာဝန်ပေးသွားမှာ ဖြစ်ပါတယ်။ ခရိုင်အတွင်းမှာရှိတဲ့ မြို့နယ်များမှာရှိတဲ့ လက်ရှိ မဲရုံအရေအတွက်အတိုင်း မဲရုံတစ်ရုံကို အထူးရဲ တစ်ဦးနှုန်းနဲ့ ခန့်အပ်သွားဖို့အရေအတွက်က ၁၀၆၉ဦးဖြစ်ပါတယ်။ ရွေးချယ်ခန့်အပ်မယ့် အထူးရဲ အရေအတွက်ရဲ့နှစ်ရာခိုင်နှုန်းကိုလည်းအပိုစုဆောင်းထားရှိသွားမှာဖြစ်ပါတယ် ။
အတည်ပြုခန့်ထားနိုင်ဖို့အတွက် လျှောက်ထားလာသူများကို အခုချိန်မှာ စိစစ်ရွေးချယ်နေဆဲဖြစ်ပါတယ် ။ အထူးရဲ ရွေးချယ် ခံရတဲ့ သူတွေကို စက်တင်ဘာလဆန်းပိုင်းကစတင်ပြီး တစ်လတာ လေ့ကျင့်သင်တန်းပေးသွားမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဥပဒေအကြောင်းသိကောင်းစရာတွေ၊ အခြေခံစစ်ရေးပြ စတာတွေလေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်။ အထူးရဲ တပ်ဖွဲ့ဝင်တွေကို အခြေခံရဲတပ်သားတစ်ဦးရသင့်ရထိုက်တဲ့ လစာနဲ့ ရိက္ခာအပြင်တစ်နေ့တာစီ အတွက် ငွေကျပ်တစ်ထောင် ကိုလည်း ထပ်ဆောင်း ပံ့ပိုးပေးမှာဖြစ်သလို တူညီဝတ်စုံတွေ ထုတ်ပေးသွားမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကာလတာဝန်ထမ်းဆောင်ပြီးဆုံးရင်တော့ ဝတ်စုံတွေ ပြန်လည်ပေးအပ်ရမှာဖြစ်ပါတယ်ဟုခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အုန်းဟန်ဦး ကပြောသည်။ ရွေးကောက်ပွဲအထူးရဲတပ်ဖွဲ့ဝင်များ၏ သက်တမ်းမှာ စတင်ခန့်အပ်သည့်နေ့မှ ရွေးကောက်ပွဲ ကာလအတွင်းအထိသာဖြစ်ပြီး သာမန်အရပ်သားများထဲမှ သတ်မှတ်အရည်အချင်းများနှင့်ပြည့်စုံသူများကို ရွေးချယ် ခန့်အပ်ခြင်းဖြစ်သည်။
မိတ္ထီလာခရိုင်အတွင်း ၂ဝ၂ဝ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင်မဲရုံများလုံခြုံရေးတာဝန်ထမ်းဆောင်ရန် မြို့နယ် မိတ္ထီလာ ၂၉၁ ဦး၊ မလှိုင် ၂၁ဝ ဦး ၊ သာစည် ၂၅ဝ ဦး ၊ ဝမ်းတွင်း ၃၁၈ ဦး စုစုပေါင်းရွေးကောက်ပွဲ အထူးရဲတပ်ဖွဲ့ဝင် ၁ဝ၆၉ ဦးတာဝန် ထမ်းဆောင် မည်ဖြစ်သည်။ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် ရွေးကောက်ပွဲအထူးရဲများသည် မဲရုံတွင်တာဝန်ကျ သည့်မဲရုံများအတွင်း ရာဇဝတ်ကြောင်းနှင့်ပတ်သက်သည့်လုံခြုံရေးဆိုင်ရာကိစ္စများပေါ်ပေါက်က မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ လိုအပ်ချက်အရ အကူအညီတောင်းခံခွင့်ပြုချက်ရမှသာ မဲရုံအတွင်းဝင်ရောက်၍ တာဝန်ယူဖြေရှင်း ဆောင်ရွက်မည်ဖြစ်သည်။ ရွေးကောက်ပွဲ အထူးရဲတပ်ဖွဲ့ဝင်များကိုရွေးချယ်ခန့်အပ်ရာတွင် အသက်၁၈ နှစ်မှ အသက် ၆ဝ နှစ်အတွင်းဖြစ်ရမည်၊ ကျန်းမာရေး ကောင်းမွန်သူဖြစ်ရမည်၊ အဌမတန်းအောင်မြင်ပြီးသူဖြစ်ရမည်၊အရပ်ပုလွန်းဝလွန်းသူ မဖြစ်ရ ၊ ရပ်ရွာကထောက်ခံသူဖြစ်ရမည်( သမာသမတ်ကျပြီးရပ်ရွာဒေသခံများနှင့်ဆက်ဆံရေးကောင်းမွန်ပြေပြစ်သူဖြစ်ရမည်) ၊ အဂတိလိုက်စားမှုကင်းရှင်းပြီး ပါတီနိုင်ငံ ရေး လည်း ကင်းရှင်းရမည် ဆိုသည့်အချက် ၆ ချက်နှင့် ပြည့်စုံသူများကိုသာရွေးချယ်ခံအပ်ခြင်းဖြစ်သည်။ ရွေးကောက်ပွဲအထူးရဲ တာဝန်ထမ်းဆောင်ရန်ရွေးချယ်ခံရသူများကို ၎င်းတို့နေထိုင်သည့် ရပ်ကွက်နယ်မြေများရှိ မဲရုံများတွင် ဦးစားပေးတာဝန်ချထား ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ချမ်းသာ ( ပြန်/ဆက်)