ဆီဆိုင်မြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်နည်းသင်တန်းဖွင့်လှစ်

ဆီဆိုင်     နိုဝင်ဘာ    ၁၄

ကျေးလက်နေပြည်သူများ စွမ်းဆောင်ရည်မြှင့်တက်လာစေရန်၊ လူနေမှုဘဝဖွံ့ဖြိုးတိုးတက် လာစေရန် နှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာစေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန နှင့်ရှမ်းပြည် နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်နည်းသင်တန်းဖွင့်ပွဲကို နောင်ကျောကျေးရွာ အုပ်စု၊ ဘုရားဖြူ ကျေးရွာခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်နည်းသင်တန်းဖွင့် လှစ်ခြင်းနှင့်ပတ်သက်၍အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဝင်းက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုရရှိပြီး တစ်ပိုင်တစ်နိုင်စီးပွားဖြစ်လုပ်ငန်းများမှသည် ဈေးကွက်သို့ ဝင်ရောက်နိုင်သည့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လာနိုင်ပြီး ကျေးလက်နှင့်မြို့ပြကွာဟမှု ကျဉ်းမြောင်းလာစေမည် ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းကာလတစ်လျှောက် သင်တန်းချိန်အား အချိန်ပြည့် တက်ရောက်ရန်၊ သင်တန်းစည်းကမ်းများကိုလိုက်နာကြရန်နှင့် မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေရှာပေးနိုင်သည်အထိကြိုးစားဆောင်ရွက်ကြရန် ပြောကြားသည်။ ထို့နောက် ရှမ်းပြည် နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြဆရာ ဦးကြည်မော်က သင်တန်း စည်းကမ်းချက်များအား ရှင်းလင်းပြောကြားပြီး မှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

ဆီဆိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေ ( ၂ ဒသမ ၀ )သန်း အသုံးပြု၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မော်တော်ဆိုင်ကယ် သင်တန်းကို သင်တန်း သား(၂၀)ဦးဖြင့် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ (၁)လကြာ စာတွေ့ လက်တွေ့ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)