ထားဝယ် နိုဝင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှု မြှင့်တင်နိုင်ရေးအတွက် သမိုင်း စာအုပ်များ၊ အဘိဓာန်စာအုပ်များ၊ တူရိယာပစ္စည်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးအထောက်အကူ ပြုပစ္စည်းများနှင့် ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီးအတွင်း မှီတင်း နေထိုင်ကြ သောတိုင်းရင်းသားလူမျိုးများအားလုံး၏ စာပေ၊ အနုပညာ မပျောက်ပျက်စေရန် တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင် တစ်ချက်အပါအဝင်ဖြစ်သည့် တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစား လိုက်နာ ပြီး အမျိုးသား ယဉ်ကျေးမှုစရိုက် လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး စသည့် အချက် ပါဝင်ပြီး နိုင်ငံတော်အတွက် အရေးကြီးကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ၏ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်းများ၊ တိမ်ကောပျောက်ကွယ်မှုမရှိစေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အလေးအနက် ထားဆောင်ရွက်လျက်ရှိကြောင်း၊ လူမျိုးများ၏ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ မပျောက်ပျက်သရွေ့ ဝတ်စား ဆင်ယဉ်မှု၊ နေထိုင်မှု မပျောက်ပျက်နိုင်ကြောင်း၊ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့များကို ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထိုနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့က (ကရင်၊ မွန်)တိုင်းရင်းသားသမိုင်းစာအုပ်နှင့် တူရိယာပစ္စည်းများ၊ ထားဝယ် ရိုးရာ စာအုပ်နှင့်တူရိယာပစ္စည်းများ၊ ဆလုံပုံပြ ပုံပြင်စာအုပ်များ၊ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများနှင့် ဆန်အိတ်များ၊ (ကရင်၊ မွန်၊ ထားဝယ်၊ ဆလုံ) ကိုဗစ်-၁၉ အသိပညာပေး တိုင်းရင်းသားဘာသာ လက်ကမ်း စာစောင်များ စသည်တို့ကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး မွန်စာပေနှင့်ယဉ်ကျေးမှု ကော်မတီ အတွင်းရေးမှူး ဦးသန်းထွန်း က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)