ကော့ကရိတ် နိုဝင်ဘာ ၁၃
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများနှင့် Youth Club အသင်းတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် (၁၁) နာရီအချိန်က
စာရေးဆရာ ဒေါက်တာကျော်စိန်ရေးသားသည့် “ယဉ်ကျေးလိမ္မာသော လူငယ်မှသည် လူကြီးလူကောင်းအဖြစ်သို့” စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်လှလှနွယ်က စာပေဖတ်ရှုလေ့လာသည့် အလေ့ အကျင့်ကောင်းများ ရရှိလာစေရန်၊ စာဖတ်ရှိန်မြှင့်မား လာစေရန်နှင့် စာပေအကြောင်းအရာများကို အပြန်အလှန် နှီးနှော ဖလှယ်နိုင်စေရန်အတွက် စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် Youth Club အဖွဲ့ဝင် မကေသီအောင်က “ချီးကျူးစကားပြောဆိုခြင်း” ခေါင်းစဉ်ကိုလည်းကောင်း၊ မောင်သန်းထိုက်အောင်က “သူ့စည်းကိုယ့်စည်း ခွဲခြားသတ်မှတ်ခြင်း” ခေါင်းစဉ်တို့ကိုလည်းကောင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော စာပေဝါသနာရှင်များ၊ စာဖတ်ပရိသတ်များက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြ ကြောင်း သိရသည်။
KMW(ခရိုင်ပြန်/ဆက်)