သီပေါ နိုဝင်ဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ ရင်တွင်းစကားသံအချို့ကို ဖော်ပြလိုက် ရပါသည်-
ကျွန်မအမည်က ဒေါ်ဇင်မာအောင်ဖြစ်ပါတယ်။ အသက်က(၃၁)နှစ်ရှိပါပြီ။ အလုပ်အကိုင်က ပညာရေးဝန်ထမ်းပါ။ ကျွန်မကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)ကို နှစ်ကြိမ်လုံး ထိုးနှံပြီးပါပြီ ကာကွယ်ဆေးထိုးပြီးတော့ လက်မောင်းအောင့်ပြီး ညောင်းညာ ကိုက်ခဲတာ အနည်းအကျဉ်းလောက် ပဲဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံပေးတဲ့ ကျန်းမာရေးဝန်ထမ်း များကို ကျေးဇူးတင်ပါတယ်။ ကာကွယ်ဆေး မထိုးနှံထားဘူးဆိုရင် အခြားဒေသတွေကို ခရီးသွားလာရာမှာ အခက်အခဲများစွာရှိပြီး အဆင်ပြေမှာ မဟုတ်ပါဘူး။ ကာကွယ်ဆေး ထိုးနှံထားပြီးဖြစ်တဲ့အတွက် ကိုဗစ်-၁၉ ရောဂါဖြစ်မှာ မကြောက်တော့ပါဘူး အသက် အန္တရာယ်စိုးရိမ်စရာမလိုလို့လေ။ အသက်အန္တရာယ် စိုးရိမ်စရာ မလိုဘူးဆိုပြီး ပေါ့ပေါ့ဆဆတော့ မနေသင့်ဘူးပေါ့။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်များကိုလည်း လိုက်နာ ဆောင်ရွက်ပြီး နေထိုင်သွားမှာဖြစ်ပါတယ်။ ကျွန်မ အနေနဲ့ ကာကွယ်ဆေးမထိုးနှံတဲ့သူများ ကာကွယ်ဆေး ထိုးနှံကြပါလို့ တိုက်တွန်းပြောကြား ချင်ပါတယ်။ ဒါမှသာ မိမိ မိသားစုနဲ့ မိမိပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေ ကျန်းမာပျော်ရွှင် တဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်ရှင်။
ခင်လေး(သီပေါ၊ပြန်/ဆက်)