ကော့သောင်းမြို့တွင် ရပ်ကွက်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ဆက်လက်ထိုးနှံ

ကော့သောင်း နိုဝင်ဘာ ၁၃

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး Sinopharm အား ဒုတိယအကြိမ်ဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက သက်ဆိုင်ရာရပ်ကွက်အလိုက် ဆေးထိုးစုရပ် အသီးသီးတွင် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ် ကြီးကြပ်မှုဖြင့် အမှတ်(၁၃) ကုတင်(၁၀၀) တပ်မတော်ဆေးတပ်ဖွဲ့ဝင်များ၊ စစ်ဗျူဟာ ဆေးအဖွဲ့ (ကော့သောင်း) အဖွဲ့တို့က ထိုးနှံပေးခြင်းဖြစ်သည်။

ကော့သောင်းမြို့နယ်အနေဖြင့် ၂၀၂၁ခုနှစ်၊ ဇွန်လအတွင်းက သံဃာတော်နှင့်သီလရှင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ အပါအဝင် လူဦးရေစုစုပေါင်း(၅၄၂၅) ဦးအား အိန္ဒိယနိုင်ငံထုတ်COVISHIELD ကာကွယ်ဆေး(၂)ကြိမ်စီ အကြိမ်ပြည့် ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း၊ ယခု တရုတ်နိုင်ငံထုတ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး  Sinopharm ဖြင့် အသက် ၁၈ နှစ်အထက် မြို့နေပြည်သူများအား ဆက်လက်ထိုးနှံပေးလျက်ရှိရာ ကာကွယ် ဆေး တစ်ကြိမ်ထိုးနှံပြီးသူ (၃၆၆၀၀) ကျော်နှင့် နှစ်ကြိမ်အပြည့်ထိုးနှံပြီးသူ (၃၃၀၈၄) ကျော်ခန့်ရှိပြီးဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် ဆေးထိုးရန်စာရင်းပေးထားသည့် မြို့နေ့ပြည်သူမည်သူ့ကိုမဆို ထိုးနှံပေးခြင်းဖြစ်ပြီး မြို့ပေါ်ရပ်ကွက် နှင့် ကျေးရွာများအထိ  သတ်မှတ်ရက်များအလိုက် ဆေးထိုးအဖွဲ့များဖြင့် ဆက်လက်ထိုးနှံ ပေးလျှက်ရှိရာ ယနေ့ ပထမကြိမ် ဆေးထိုးနှံပြီးသူ သီရိမြိုင်ရပ်ကွက် ပြည်သူ(၃၀၀)ဦးအား သီရိမြိုင်ရပ်ကွက်ယာဉ်ကျေးမှု ပြတိုက် အဆောက် အဦတွင် အမှတ်(၁၃)ကုတင်(၁၀၀) တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက လည်းကောင်း၊ ကော့သောင်းမြို့ပေါ်ရပ်ကွက် ဈေးများမှ ဈေးသူ ဈေးသား (၅၀၀) ကျော်ခန့်အား၊ မဉ္ဇူသက ပြည်သူ့ခန်းမတွင် စစ်ဗျူဟာအဖွဲ့ (ကော့သောင်း) ဆေးတပ်ဖွဲ့ ကလည်းကောင်း   ဒုတိယ အကြိမ်အဖြစ် တစ်ပြိုင်နက်တည်း ထိုးနှံပေးကြခြင်းဖြစ်ကြောင်းလည်း သိရသည်။

ကျော်စိုး (ကော့သောင်း)