ကော့သောင်း နိုဝင်ဘာ ၁၃
ကော့သောင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ကော့သောင်း ခရိုင်နှင့်မြို့နယ် ဝန်ထမ်းပေါင်းစုံ (၂၇) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော် အား ယနေ့နံနက် ၉ နာရီအချိန်က၊ ပြည်တော်အေးစေတီတော်၊ သာသနာ့ဗိမ္မာန်တော်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားအား တက်ရောက်လာသည့် ဆရာတော်သံဃာတော်ကြီးများ၊ ဧည့်ပရိတ်သတ်များက နမောတသ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ကာ ဆရာတော်သံဃာတော်များထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူကြကာ ကော့သောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များက သံဃာတော်များ အား ကထိန်မြတ်သင်္ကန်းနှင့် လှူဘွယ် ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေကြပြီး အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုရုတ်သိမ်းလိုက်သည်။
ယင်းနောက် ဆရာတော်သံဃာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြပြီး ဌာနပေါင်းစုံ ဝန်ထမ်းများ၊ စေတနာရှင် အလှူရှင်များ လှူဒါန်းခဲ့ကြသည့် ငွေပဒေသာပင်များအား ကော့သောင်းမြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများကို မဲဖေါက် ဆက်ကပ် လှူဒါန်းကြသည်။
အဆိုပါ ကော့သောင်းခရိုင်နှင့်မြို့နယ် ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာပွဲတွင် ငွေပဒေသာပင် (၅၂)ပင်မှ လှူဒါန်းငွေ (၂၂၉၅၆၉၅၀)ကျပ်နှင့် အလှူရှင် စေတနာရှင်များ ထည်ဝင်လှူဒါန်းငွေ (၃၀၂၅၀၀) ကျပ်စုစုပေါင်း တန်ဖိုး ကျပ် (၂၅၉၈၁၉၅၀) အား ကော့သောင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင် များ စုပေါင်းလှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)