မိုင်းလုံ နိုဝင်ဘာ ၁၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက မြို့နေပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်၊ စာအုပ် စာပေ ချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်၊ စာပေမှရရှိသော အသိအမြင် ဗဟုသုတများကို လက်တွေ့ဘဝတွင် အသုံးချတတ်လာစေရန် ရည်ရွယ်၍ စာရေးဆရာခင်မောင်ညို (ဘောဂဗေဒ)၏ “ဘဝတစ်လျှောက် အောင်မြင်ပျော်ရွင်နည်း”စာအုပ်ဖြင့် ယမန်နေ့က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
ရှေးဦးစွာ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စာကြည့်တိုက် လက်ထောက်-(၃) ဒေါ်ဌေးဌေးဝင်းက စာပေချစ်သူများအချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးသည့် အလေ့အကျင့်ရှိစေရန်အတွက် စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း၊ အသိပညာဗဟုသုတများ ပိုမိုတိုးပွားလာခြင်း၊ စာပေဖတ်ရှုခြင်းဖြင့် မိမိကိုယ်ကို ယုံကြည်မှု ရှိပြီး အမှားအမှန်ကို ကိုယ်တိုင်ဝေဖန်ပိုင်းခြားနိုင်ခြင်း စသည့်ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး တက်ရောက်လာသော (Book Club) အသင်းမှ စာအုပ်စာစောင်ချစ်မြတ်နိုး သူများက “ဘဝတစ်လျှောက် အောင်မြင်ပျော်ရွင်နည်း”စာအုပ်တွင်ပါရှိသော ခေါင်းစဉ်ပါ အကြောင်းအရာများကို အပြန်အလှန်အကျဉ်းချုပ် ဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်နှင့်အညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် တစ်လတစ်ကြိမ် လစဉ်ပုံမှန် ဆောင်ရွက်သွားမည့်အကြောင်း တာဝန်ရှိသူတစ်ဦးထံက သတင်းရရှိသည်။
ဇော်ဇော်(ပြန်/ဆက်)