နေပြည်တော် နိုဝင်ဘာ ၁၃
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက် (၅)ရပ်ကို အခြေခံ၍ စိန်ရတုပြည်ထောင်စုနေ့ ကို ပြည်သူများ မှတ်မှတ်ထင်ထင်သိရှိပြီး စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ် ပိုမို ထွန်းကားပြန့်ပွားစေရန်နှင့် ကိုဗစ်-၁၉ကပ်ရောဂါ ကာလအတွင်း ကိုယ်၊ စိတ် ပင်ပန်း နွမ်းနယ်နေသည့် ပြည်သူများကို ဖျော်ဖြေပေးနိုင်ရန် ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသည့် အစီအစဉ်အဖြစ် “တူယှဉ်နွှဲပျော် ဂီတပွဲတော်" တေးသီချင်းသီဆိုမှု ပြိုင်ပွဲနှင့် ဖျော်ဖြေပွဲကို ပြန်ကြားရေးဝန်ကြီးဌာနက ကျင်းပဆောင်ရွက် သွားမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းမှ သီချင်းသီဆိုဝါသနာရှင်များ စိစစ်ရွေးချယ်ခြင်းကို ယနေ့နံနက်(၁၀)နာရီတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ သီချင်းသီဆိုဝါသနာရှင်များ စိစစ်ရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌ နေပြည်တော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး (တာဝန်ပေး) ဒေါ်သင်းသင်းဇင်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဂီတအစည်းအရုံး နေပြည်တော် ပျဉ်းမနားမှ အတွင်းရေးမှူး ဦးအေးကိုက ပြိုင်ပွဲ၏ စည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
သီချင်းသီဆိုဝါသနာရှင်များ စိစစ်ရွေးချယ်ရာတွင် နေပြည်တော်ကောင်စီမှ ဖွဲ့စည်းထားသည့် စိစစ် ရွေးချယ်ရေးအဖွဲ့အဖြစ် နေပြည်တော်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာန၊ နေပြည်တော်ပညာရေးမှူးရုံး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဆိုပညာနှင့်ပတ်သက်၍ အကဲဖြတ်နိုင် မည့်ဂီတပညာရှင်(၁)ဦး၊ ပျဉ်းမနားမြို့နယ် ဂီတ အစည်းအရုံးမှ ပညာရှင်တို့က နေပြည်တော်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် မြို့နယ်ရှစ်မြို့နယ်မှ တေးသီချင်းသီဆိုသူ ဝါသနာရှင်များက မိမိတို့၏စိတ်ကြိုက် သီချင်းများ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မှုကို အကဲဖြတ်စိစစ်ရွေးချယ်ကြပြီး နေပြည်တော် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် သုံးဦးကို စိစစ်ရွေးချယ်ခဲ့ကြသည်။
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များအလိုက် အသက် (၁၈)နှစ်ပြည့်ပြီးသူ၊ အသက် (၅၀)နှစ်ထက်မကြီးသူ ပြိုင်ပွဲဝင်(၃)ဦးစီအား သက်ဆိုင်ရာအစီအစဉ်ဖြင့် ရွေးချယ်စေလွှတ်ယှဉ်ပြိုင်စေပြီး စုစုပေါင်း (၄၅)ဦးဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး နိုဝင်ဘာ ၂၆ ရက်မှ ဖေဖော်ဝါရီလ ၁၁ ရက်နေ့အထိ အပတ်စဉ် တစ်ပတ်လျှင် တစ်ပွဲနှုန်းဖြင့် ပွဲစဉ်(၁၂) ပွဲယှဉ်ပြိုင်မည်ဖြစ်ကာ ပြန်ကြားရေးဝန်ကြီးဌာနမှ ရွေးချယ်ပေးသည့် ပြည်ထောင်စုနေ့ သီချင်းများအနက်မှ မဲနှိုက်၍ ကျရာသီချင်း တစ်ပုဒ်၊ ယှဉ်ပြိုင်သူမှ စိတ်ကြိုက်တစ်ပုဒ် သီဆိုယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဝင် (ခရိုင်ပြန်/ဆက်)