လင်းခေး နိုဝင်ဘာ ၁၃
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ကိုဗစ် − ၁၉ ရောဂါကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်းအစီအစဉ်ဖြင့် လင်းခေးမြို့နယ် ပြည်သူ့ဆေးရုံပုရိဝုဏ်အတွင်းရှိ ပန်းခြံအား အဆင့်မြှင့် မွမ်းမံ တည်ဆောက်ရေးလုပ်ငန်း ပန္နက်ရိုက်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ တည်ဆောက်သွားမည့် မြေနေရာ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် စစ်ဗျူဟာအဖွဲ့၊ (အခြေချ) (လင်းခေး) မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သန့်ထင်စိုး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး စိုးနိုင်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးဟိန်းဝင်းဇော်နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းလှကျော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှိုင်ဦး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမောင်မောင်သန်းတို့က မင်္ဂလာအချိန်တွင် မြေနေရာ ပန္နက်ရိုက်ပေးခြင်းကို အသီးသီးဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အဆင့်မြှင့်မွမ်းမံတည်ဆောက်ခြင်းတွင် ပန်းခြံပတ်မြောင်း၊ အုတ်ကာသံပန်းစည်းရိုး၊ လျှောက်လမ်းပတ်လမ်း၊ ကလေး သူငယ်များကစားကွင်း၊ ရေတံခွန်အလှ၊ ကျောက်စာပွဲ(၄)စုံ၊ မြေယာရှုခင်းအလှများနှင့် ဆိုလာမီးအလှဆင်ခြင်းလုပ်ငန်းများ ပါဝင်မည်ဖြစ်သည်။ ယင်း လုပ်ငန်းအား မြို့နယ် ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ရန်ပုံငွေမှ မတည်ငွေကျပ်(၂၀)သိန်းဖြင့် စတင်တည်ဆောက် သွားမည်ဖြစ်ကြောင်းနှင့် စုစုပေါင်း ကုန်ကျစရိတ်ကျပ် (၁၀၀) သိန်း (ခန့်မှန်း) ကုန်ကျခံကာ တည်ဆောက်သွားရမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးထွေးနိုင်က ပြောကြား ခဲ့သည်။
ပန်းခြံအားအဆင့်မြှင့်တင် မွမ်းမံဆောက်ရွက်ပြီးစီးသွားပါက၊ လင်းခေးမြို့နယ် ပြည်သူ့ဆေးရုံ၌ လာရောက်ဆေးကုသခံသူ လူနာ များ၊ လူနာစောင့်များနှင့် လူနာလာရောက် ကြည့်ရှုကြသူများသာမက၊ ကလေးသူငယ်များပါ ကလေးကစားကွင်း၌ ဆော့ကစား၊ အနားယူ၊ အပမ်းဖြေနိုင်မည့် အကျိုးများအား ရရှိလာနိုင်စေရန်ရည်ရွယ်လျက် မြို့နယ် ကိုဗစ်ကော်မတီနှင့် တာဝန်ရှိသူတို့၏ လုပ်ငန်းအစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ယခုကဲ့သို့ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)