တာချီလိတ်၊ နိုင်ဝင်ဘာ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ လျှပ်စစ်ဓါတ်အားပိုင်းဆိုင်ရာကိစ္စရပ်များ ရှင်းလင်း တင်ပြ ခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ယမန်နေ့နံနက် ၉ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင် အဖွင့်အမှာစကားပြောကြားရာတွင် လျှပ်စစ်ဓာတ်အားကို ပြည်သူများအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချစွာအသုံးပြုနိုင်ရေးနှင့် လျှပ်စစ် ဓာတ်အားခကို သင့်တင့်မျှတသောဈေးနှုန်းဖြင့် ဖြန့်ဖြူးပေးနိုင်ရေးတို့နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် မြို့မီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးတင်လှိုင်နှင့်တာဝန်ရှိသူတို့က ကော်မတီဖွဲ့စည်းထား ရှိမှုနှင့် ဝန်ထမ်းအင်အား အခြေအနေများ၊ ဓါတ်အားခကြွေးကျန်အခြေအနေများ၊ ကိုယ်ပိုင် ထရန်စဖော်မာပါဝါမီတာနှင့် အိမ်သုံးမီတာများခွင့်ပြုရောင်းချမှု၊ ဓါတ်အားလိုအပ်ချက်ကြောင့် လျောက်ထား မီတာများ ဆိုင်ငံ့ထားရမှု၊ မြို့တွင်း လမ်းမီးများ တပ်ဆင်ထားရှိမှု၊ ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားနေသော ကာလအတွင်း လှုဒါန်းထားရှိမှု၊ မီးလိုင်း Feeder 3 ထပ်တိုးဝယ်ယူရရှိရေး ထိုင်းနိုင်ငံ( PEA Co. LTD) ဖြင့် ချိတ်ဆက် ဆောင်ရွက်ထားရှိမှုနှင့် ရ/သုံး/လက်ကျန် စာရင်းများအား ရှင်းလင်း တင်ပြသည်။
ဆက်လက်ပြီး အရှေ့ပိုင်းရှင်းလုံကုမ္မဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းအောင်ဟိန်းမွန်ကလာအိုနိုင်ငံ မှ ဝင်ရောက်လာမည့် လျှပ်စစ်ဓါတ်အားကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဖြန့်ဖြူးပေးနိုင်ရေး ဆောင် ရွက်နေမှု အခြေအနေတို့အား ရှင်းလင်းတင်သည်။
ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များက လုပ်ငန်းလည်ပတ်မှု အခြေအနေများအပေါ် ဆွေးနွေးမေးမြန်းပြီး လိုအပ်ချက်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ တာချီလိတ်မြို့သည် လျှပ်စစ်ဓာတ်အားကို ထိုင်းနိုင်ငံမှ ဝယ်ယူသုံးစွဲလျက်ရှိပြီး စတင်ဝယ်ယူချိန်၌ (၅) မဂ္ဂါဝပ်သာ ယနေ့ (၂၀) မဂ္ဂါဝပ်ထိ ဝယ်ယူသုံးစွဲလျက်ရှိကြောင်းသိရသည်။
ယာဆေး