မဘိမ်းမြို့၌ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်

မဘိမ်း နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနတို့ပူးပေါင်း၍ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၁ဝ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းက မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့်ပတ်သက်၍ ပြည်သူများသိရှိနိုင်စေရန်နှင့် အသိပညာပေးဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များ ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မေအင်ကြင်းက မသန်စွမ်း သူများဆိုင်ရာတွင် ဉာဏ်ရည်ချွတ်ယွင်းနေသူများ၏ လက္ခဏာများ၊ အသိဉာဏ်ပိုင်း မသန်စွမ်းခြင်းဆိုင်ရာများ၊ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး၊ မသန်းစွမ်းသူအမျိုးအစား၊ မသန်းစွမ်းသူများ အတွက် ပြဌာန်းပေးထားသည့် အခွင့်အရေးဥပဒေများ၊ မသန်စွမ်းသူများ၏ ပညာရေးနှင့် ပတ်သက်ပြီး ဥပဒေပါအခွင့်အရေးများ၊ မြန်မာနိုင်ငံတွင်ရှိသည့် မသန်စွမ်းသူများ၏ ပညာ တတ်မြောက်မှုနှုန်း၊ မသန်စွမ်းသူများ၏ နိုင်ငံရေးနှင့်ပြည်သူ့ရေးရာ နယ်ပယ် များတွင် ပါဝင်ဆောင်ရွက်ခွင့်၊ မသန်စွမ်းသူများ၏ အလုပ်အကိုင်ရရှိမှုများ၊ မသန်စွမ်းသူများအား မသန်စွမ်းမှုကို အကြောင်းပြု ခွဲခြားဆက်ဆံခြင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာန၏ မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေးလုပ်ငန်းနှင့် လုပ်ငန်းတာဝန်များ အကြောင်းကို ဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်းပြီး မသန်စွမ်းသူ များအား ကူညီစောင့်ရှောက်နိုင်ရေးနှင့် မသန်စွမ်းသူများဆိုင်ရာ သိကောင်းစရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပညာပေးဆွေးနွေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)