ကျိုင်းတုံမြို့၌  ပန်းခင်းစီမံချက် အသိပညာပေး Talk Show  ဆွေးနွေးပွဲပြုလုပ်

ကျိုင်းတုံ   နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပန်းခင်းစီမံချက် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အတွက်  အသိပညာပေး Talk Show ဆွေးနွေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းလားမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးစောအယ်ဒိုးက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားတိုင်းရသင့်ရထိုက်သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော လက်မှတ်တစ်မျိုးမျိုးကို ထုတ်ပေးသည့် စီမံချက်ဖြစ် ကြောင်း၊ လက်ရှိဒေသအတွင်း အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသေးသူများ၊ လက်ရှိဒေသမှာ အမြဲတမ်းနေထိုင်ပြီး အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင် လက်မှတ်မရှိသေးသူများ၊ ရွှေ့ပြောင်းနေထိုင်သူများသည် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး လက်ရှိဒေသမှာ ကိုင်ဆောင်လက်မှတ်မရှိသေးသူများ၊ ရွှေ့ပြောင်း နေထိုင်ပြီး မူလဒေသနှင့်လက်ရှိဒေသမှာ အိမ်ထောင်စုလူဦးရေစာရင်းမရှိသည့်အပြင် ကိုင်ဆောင်လက်မှတ် မရှိသူတွေကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို အသက် ၁၆ နှစ်မှ  ၁၈ နှစ်ကြား၊ အသက် ၁၈ နှစ် အထက်တွေကို ဦးစားပေးဆောင်ရွက်ပေးပြီး အသက် ၁၀ နှစ်အထက် နိုင်ငံသားများကို ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊  မိုင်းလားမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဦးရေ ၃၀၇ ဦးအား နိုင်သားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ခဲ့ပြီး ဆောင်ရွက်ရန် ကျန်ရှိသူများအား ဆက်လက် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် လာရောက်ပြုလုပ်သူများ အနေဖြင့် ယူဆောင်လာ ရမည့် အထောက်အထားများကို ပြည်သူများသိရှိရန် ဆွေးနွေးပြောကြားသည်။

အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲ အစီအစဉ် အပြည့်အစုံကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် We Love Kyainge Tong Facebook Page တွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အောင်ဇင်မြင့် (ပြန်/ဆက်)