ရမည်းသင်း နိုဝင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးဆောင်၍ ရမည်းသင်းမြို့ အမှတ်(၅) အခြေခံပညာ အထက်ကျောင်း အားကစားခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီက ကျောင်းသား၊ ကျောင်းသူများကို အားကစားပြုလုပ်ခြင်း အကျိုးကျေးဇူးများ အသိပညာပေးခြင်းနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ကျင်းပပြု လုပ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ရမည်းသင်းမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ် အားကစားမှူး ဒေါ်မျိုးမျိုးထွေးမှ ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်ခြင်းဖြင့် ကျန်းမာရေး အကြောင်းနှင့် ခန္ဓာကိုယ်ဖွံဖြိုးမှုကို ရှင်းလင်းပြောကြားပြီး ကိုယ်လက်လှုပ်ရှား အားကစားနည်း ပညာ လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် ရမည်းသင်းခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန ခရိုင်အားကစားမှူး ဒေါ်ထက်ထက်ဝင့်မှ မြို့မ အခြေခံပညာ အထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိခိုင်မှ လက်ခံရယူပြီး မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ Myanmar Fitness Dance အကဖြင့် ကိုယ်လက်လှုပ်ရှားခြင်းကို သရုပ်ပြ ဖျော်ဖြေခဲ့ကြောင်း သတင်းရရှိသည်။
ဇော်ဝင်းအောင် (ခရိုင်ပြန်/ဆက်)