မိတ္ထီလာ နိုဝင်ဘာ ၁၂
မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်ကွက်တွင် တည်ထားကိုးကွယ်သော နဂါးရုံမဟာစေတီတော်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သာ မသိုးသင်္ကန်း ပြိုင်ရက် ပူဇော်ပွဲအား ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှု အခြေအနေမျာကြောင့် ကျင်းပနိုင်ခြင်းမရှိသော်လည်း ရက်ကန်းစင် တစ်စင်ဖြင့် မသိုးသင်္ကန်းရက် လုပ်ပူဇော်သွားမည်ဖြစ်ကြောင်း အဆိုပါ စေတီတော်ဂေါပကအဖွဲ့ တာဝန်ရှိတစ်ဦးထံက သိရသည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် ခါတိုင်းနှစ်တွေလို နဂါးရုံမဟာဗောဓိ စေတီတော်ရဲ့ မသိုးသင်္ကန်းပြိုင်ရက် ပူဇော်ပွဲကို ဒီနှစ်မှာ မကျင်းပနိုင်ပေမယ့် ရက်ကန်းစင် တစ်စင်နဲ့တော့ မသိုးသင်္ကန်းရက်လုပ် ပူဇော်သွားမှာ ဖြစ်ပါတယ်။ တန်ဆောင်းမုန်း လဆန်း၁၄ ရက်ညနေပိုင်းမှာ မသိုးသင်္ကန်း စတင်ရက်လုပ်မှာဖြစ်ပြီး တန်ဆောင်းမုန်းလပြည့်နေ့နံနက် အရုဏ်မတက်မီအချိန်မှာ ကပ်လှူပူ ဇော်သွားမှာ ဖြစ်ပါတယ်ဟု အဆိုပါ စေတီတော်ဂေါပကအဖွဲ့ တာဝန်ရှိသူက ပြောသည်။
မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်ကွက်တွင် တည်ထားကိုးကွယ်သော နဂါးရုံမဟာဗောဓိစေတီတော် တွင် မသိုးသင်္ကန်းပြိုင်ရက် ပူဇော်ပွဲအား တန်ဆောင်းမုန်းလဆန်း ၁၄ ရက်နေ့တွင် ရက်ကန်းစင် ၄ စင်ဖြင့် ကျင်းပပြုလုပ်ပြီး မြို့နယ်အတွင်းရှိ ရွာသစ်၊ ကက္ကူကန်၊ ရွာတန်းရှည်၊ ညောင်ပင်လျှိုစသည့် ကျေးရွာများမှ အမျိုးသမီးပြိုင်ပွဲဝင် ရက်ကန်းအဖွဲ့ ၄ ဖွဲ့က ပါဝင်ယှဉ်ပြိုင်ရက်လုပ်ပူဇော်လေ့ ရှိကြောင်း သိရသည်။
ချမ်းသာ