ရန်ကုန် နိုဝင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ညောင်ဝိုင်းကျေးရွာတွင် မြစိမ်းရောင် ကျေးရွာစီမံကိန်း မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ဖွဲ့စည်းခြင်း အခမ်းအနားအား ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ ညောင်ဝိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြိုနယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်က ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁- ၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် စီမံကိန်းနှင့် ပတ်သက်သော စည်းမျဉ်းစည်းကမ်းများ ရှင်းလင်းခြင်း၊ မြစိမ်းရောင်စီမံကိန်းငွေဖြင့် မိမိတို့ ကျေးရွာတွင် တစ်ပိုင်တစ်နိုင်လုပ်ငန်းများဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ မီးလင်းရေး လုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအား အတိုးနှုန်း သက်သာ စွာဖြင့် ဆောင်ရွက် နိုင်မှုများအား ရှင်းလင်းပြောကြားပြီး ညောင်ဝိုင်းကျေးရွာအတွင်း မြစိမ်းရောင် ကျေးရွာစီမံကိန်းအတွက် ဒေသခံပြည်သူများက ဆန္ဒမဲဖြင့် ရွေးချယ်ပေးသည့် ကော်မတီ ၇ ဦးအား ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ အတိုးနှုန်း သက်သာစွာဖြင့် လုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး မိမိတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်း များအား တစ်ပိုင်တစ်နိုင် အထောက်အကူရရှိ စေမည်ဖြစ်သည့်အတွက် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ကိုရင်- TL