ကျိုင်းတုံမြို့၌  ပန်းခင်းစီမံချက် အသိပညာပေး Talk Show  ဆွေးနွေးပွဲပြုလုပ်

ကျိုင်းတုံ      နိုဝင်ဘာ    ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပန်းခင်းစီမံချက် အသိပညာပေး Talk Show ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၀ ရက်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူး ဦးစိုင်းရွှေအောင်က ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ပန်းခင်းစီမံချက် အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာန၊ ကျိုင်းတုံမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းညွန့်က ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားတိုင်း ရသင့်ရထိုက်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော လက်မှတ်တစ်မျိုးမျိုးကို ထုတ်ပေးသည့် စီမံချက်ဖြစ်ကြောင်း၊ လက်ရှိဒေသအတွင်း အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသေးသူများ၊ လက်ရှိဒေသမှာ အမြဲတမ်းနေထိုင်ပြီး အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသေးသူများ၊ ရွှေ့ပြောင်းနေထိုင်သူများသည် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး လက်ရှိ ဒေသမှာ ကိုင်ဆောင်လက်မှတ် မရှိသေးသူများ၊ ရွှေ့ပြောင်းနေထိုင်ပြီး မူလဒေသနှင့် လက်ရှိဒေသမှာ အိမ်ထောင်စုလူဦးရေစာရင်းမရှိသည့်အပြင် ကိုင်ဆောင်လက်မှတ် မရှိသူတွေကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို အသက် ၁၆ နှစ်မှ  ၁၈ နှစ်ကြား၊ အသက် ၁၈ နှစ် အထက်တွေကို ဦးစားပေးဆောင်ရွက်ပေးပြီး အသက် ၁၀ နှစ်အထက် နိုင်ငံသားများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊  ကျိုင်းတုံမြို့နယ်တွင် ပန်းခင်းစီမံချက် အဖြစ် မေလ ၃ ရက်က စတင်ဆောင်ရွက်ခဲ့ရာ အောက်တိုလာလ ၃၁ ရက်အထိ လူဦးရေ ၁၁၄၉ ဦးအား နိုင်သားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ခဲ့ပြီး ဆောင်ရွက်ရန် ကျန်ရှိသူများအား ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လာရောက်ပြုလုပ်သူများ အနေဖြင့် ယူဆောင်လာရမည့် အထောက်အထားများကို ပြည်သူများသိရှိရန် ဆွေးနွေးပြောကြားသည်။

အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲ အစီအစဉ် အပြည့်အစုံကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် We Love Kyainge Tong Facebook Page တွင် ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့် (ပြန်/ဆက်)