ဘုရားသုံးဆူမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် (ပထမအကြိမ်) ထိုးနှံခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်း ဆောင်ရွက်

ဘုရားသုံးဆူ နိုဝင်ဘာ ၁၂

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထ အသုတ် (ပထမအကြိမ်) ထိုးနှံခြင်းအား ဘုရားသုံးဆူမြို့၊ ပြည်ထောင်စုခန်းမ၌ ယနေ့ နံနက် ၉ နာရီ အချိန်တွင် ထပ်မံထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးအား သက်ဆိုင်ရာ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက စနစ်တကျ ပြုလုပ်ဆောင်ရွက်ပြီး ကိုဗစ်ကာကွယ်ဆေးနှင့် ပတ်သက်သည့် အသိပညာများအား ရှင်းလင်း ပြောကြားခြင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ဗီဇပြောင်းလဲလာသော ပုံစံများအား အသိပညာ ပေးများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ဆိုပါ ကိုဗစ်-၁၉ကာကွယ်ဆေးကို (၂)ကြိမ်တိတိ ထိုးနှံရမည်ဖြစ်ပြီး၊ ဘုရားသုံးဆူမြို့၌ ပထမ အသုတ်အား ဩဂုတ်လ (၁) ရက်နေ့နှင့် (၂၉) ရက်နေ့တို့တွင် ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး ထိုးနှံသူ ဦးရေး (၁၇၀၀) ဦးခန့် ရှိကြောင်း၊ ဒုတိယအသုတ် (ပထမအကြိမ်) အား စက်တင်ဘာ (၁၆) ရက်နေ့မှ ၂၀ ရက်နေ့ထိ ထိုးနှံပေးခဲ့ပြီး ဒုတိယအသုတ် ကာကွယ်ဆေး ထိုးနှံသူဦးရေ (၂၅၀၀) ဦးရှိကြောင်း၊ အောက်တိုဘာ (၂၄) ရက်နေ့တွင် တတိယအသုတ် (ပထမအကြိမ်) အတွက် ကာကွယ်ဆေး ထိုးနှံသူ ဦးရေ (၅၀၀) ဦး ထိုးနှံပေးခဲ့ပြီး ယနေ့ စတုတ္ထအသုတ် (ပထမအကြိမ်) အတွက် လူဦးရေ (၁၀၀၀) ဦး ထိုးနှံမည်ဟု သိရှိရသည်။

အောင်သူဟိန်း (ပြန်ဆက်)