မြောက်ဥက္ကလာပ နိုဝင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ များနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်းစကားသံများကိုလည်း ဖော်ပြလိုက် ရပါသည်-
မေး။ မင်္ဂလာပါရှင့် အကိုနာမည်နဲ့ အကိုတို့ လုပ်ဆောင်နေတဲ့ အသင်းရဲ့ လုပ်ငန်းကိုဦးစွာ မိတ်ဆက် ပေးပါရှင့်။
ဖြေ။ကျွန်တော်နာမည်က ဦးနေဝင်းစိုးဖြစ်ပါတယ်၊ မြောက်ဥက္ကလာပမြို့နယ် ထာဝရအလင်းတန်း ပရဟိတအသင်းရဲ့ ဥက္ကဋ္ဌဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ (first wave) စဖြစ်ခါစမှာ အ.ထ.က (၁)တာမွေမှာ ကိုဗစ်-၁၉ (first wave) ကို တာဝန်ယူဆောင်ခဲ့တယ်။
ကိုဗစ်-၁၉ ရောဂါ (first wave) ဖြစ်တုန်းက အသေပျောက်နည်းသလိုရောဂါ စဖြစ်တဲ့သူတွေ အင်မတန်ရှားပါတယ်။ ကျွန်တော်တို့သေချာဂရုစိုက်လုပ်ပြီးမှ ကိုဗစ်လူနာတွေကို ဖောင်ဒေးရှင်း စင်တာတွေကို ပို့ဆောင်ပေးပါတယ်။ ပြီးတော့ မြောက်ဥက္ကလာပ မြိုနယ်ကိုပြန်ပြီး အခြေချပြီးတော့ ကိုဗစ် (positive) လူနာအားလုံးပေါင်း (၂၆၀၀၀) ခန့်ကို ကျွန်တော်တို့ လူနာတင်ယာဉ်တွေနဲ့ ကုသရေး စင်တာ၊ ကိုဗစ်စင်တာတို့ ပို့ဆောင်ပေးပါတယ်။ ယခုမှာလည်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်းတွေမှာ သက်ဆိုင်ရာတာဝန်ရှိသူများနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။
မေး။ အကိုအနေနဲ့ ဒီလိုလိုက်ပါကူညီရင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရတဲ့အကြောင်းကိုလည်း ဖြေကြားပေးပါရှင့်။
ဖြေ။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတာကတော့ အဲ့ဒီအချိန်မှာကျွန်တော်တို့ အသင်းထဲက(၇)ယောက် ထဲမှ ကျွန်တော်အပါအဝင် (positive) ထွက်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စိတ်မပူပါဘူး နိုင်ငံတော်က ချမှတ်ထားတဲ့အတိုင်း ကုသရေးစင်တာ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ အောင်မြင့်မိုရ် အိမ်ယာမှာ(၁၄)ရက် Quarantine ဝင်ပြီးတော့ ကိုဗစ်-၁၉ ရောဂါကို ကျန်းမာရေးမှ တာဝန်ရှိသူများက ကုသပေးခဲ့ပါတယ်။ ကုသပြီးတော့ ပြန်လည်ကျန်းမာလာသဖြင့် ကျွန်တော်တို့ ပရဟိတအသင်းရုံးကို ပြန်ရောက်တယ်။ အသင်းရုံးမှာ(၇)ရက် ဆက်ပြီး Quarantine ဝင်တယ်။ ဒီလိုနဲ့ ရောဂါပျောက်ကင်းခဲ့ပါ တယ်။
မေး။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်မှာ ရောဂါသက်သာအောင် ဘယ်လိုတွေ စားသောက်နေထိုင်ခဲ့လဲ ဆိုတာ ဖြေကြားပေးပါရှင့်။
ဖြေ။ ဆရာဝန်ပေးတဲ့ Vitamin C နှင့် အားဆေးများကို အချိန်မှန်သောက်ဖြစ်ပါတယ်။ နွားနို့၊ ကြက်ဥ တွေကို နေ့စဉ်စားပါတယ်။ စနစ်တကျ နေထိုင်စားသောက်တဲ့အတွက် ပြန်ကောင်းလာတယ်လို့လည်း ထင်ပါတယ်။
မေး။ အကိုအနေနဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီး ပြည်သူတွေ သိသင့်သိထိုက်တဲ့ အချက်များကို ဝေမျှပေးပါဦးရှင့်။
ဖြေ။ ကိုဗစ်-၁၉ ရောဂါ မဖြစ်သေးသူများအနေနဲ့ ပေါ့ဆစွာ မနေထိုင်သင့်ပါဘူး။ ရောဂါက ကိုယ်ခံ အားကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ ရောဂါအခံရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကူးစက် တတ်တဲ့ ရောဂါဖြစ်တဲ့အတွက် ဂရုစိုက်ပြီး နေကြပါလို့ ပြောချင်ပါတယ်။ ပြီတော့ ကိုဗစ်-၁၉ ရောဂါ ဖြစ်နေပြီဆိုရင်လည်း စိတ်ဓာတ်ကျဖို့မလိုပါဘူး၊ ဆောင်ရန်၊ ရှောင်ရန်နဲ့ လိုက်နာရန်အချက်များကို ဆရာဝန်နှင့် ပြသ၍ သော်လည်းကောင်း၊ အင်တာနက်မှ တစ်ဆင့် ရှာဖွေ၍ သော်လည်းကောင်း ကိုဗစ်-၁၉ ရောဂါ ပတ်သက်၍ အားလုံးပဲ သိရှိနိုင်ပါတယ်။ အခုလက်ရှိ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်းတွေမှာ မြို့နယ်အတွင်း ပြည်သူများ ဆေးထိုးနှံနိုင်ရေးကို သက်ဆိုင်ရာ တာဝန်ရှိသူများနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ မိသားစုတွေ အားလုံးရော အဖွဲ့သားတွေအားလုံးရော ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးထားပါတယ်။ ဒါကြောင့် အားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကိုလည်း ထိုးနှံပေးကြပါရန်နှင့် ရောဂါမဖြစ်ပွားအောင် ဂရုပြုနေထိုင်ကြပါလို့ အကြံပြုတိုက်တွန်း လိုက်ပါတယ်ခင်ဗျာ။
အခုလိုဖြေကြားပေးတဲ့အတွက် ကျွန်မတို့ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ကျေးဇူးတင်ရှိပါတယ်ရှင်။
မြမြဝင်း