လောက်ကိုင် ဩဂုတ် ၂၀
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ် ဆင့်ကိုင်ကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် COVID-19 Economic Relief Plan (CERP)အရ စပါးမျိုးစေ့ထုတ် တောင်သူများအား မျိုးစေ့ဘိုးနှင့် စိုက်ပျိုးပြုစုစရိတ် ပထမ အကြိမ် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် က ဆင့်ကိုင်ကျေးရွာ မူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဦးစီးအဖွဲ့ဉက္ကဋ္ဌ ဦးကျောက်တယ်ချန်က စပါးမျိုးစေ့ ထုတ်တောင်သူများ အား မျိုးစေ့ဖိုးနှင့် စိုက်ပျိုးပြုစုစရိတ် ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပက်သက်၍ အဖွင့် အမှာစကား ပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဉီးစီးမှူး ဦးအောင်မျိုးဝေက ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ် COVID-19 Economic Relief Plan (CERP)အရ လောက်ကိုင်မြို့နယ်တွင် မိုးစပါး မျိုးစေ့ထုတ် (၁၅၀) ဧကနှင့် ကုန်းကြမ်းမြို့နယ်တွင် (၅၀)ဧက ဆောင်ရွက်သွားမည်ဖြစ်ပြီး တောင်သူများ ကိုယ်တိုင် စပါးမျိုးစေ့ ထုတ်သည့် လုပ်ငန်းလုပ်ကိုင်၍ ဒေသတွင်း မျိုးစေ့အလွယ်တကူ ရရှိအသုံးပြုနိုင်စေရန် နှင့် ကိုဗစ် - ၁၉ ကပ်ရောဂါ ကာလတွင် စပါးမျိုး စေ့ထုတ် စိုက်ပျိုးရေးအပေါ် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး ပေးနိုင်ရန် တစ်ဧကလျှင် မျိုးစေ့ဘိုး (၈၅၀၀) ကျပ်နှင့် လုပ်အားခ (၁၄၀၀၀၀)ကျပ် ကူညီထောက်ပံ့ပေး သွားမည်ဖြစ်ကာ စီးပွားဖြစ် မျိုးသန့်မျိုးစေ့များ ရရှိရေးအတွက် မျိုးစေ့ထုတ်လုပ်ငန်းများကို စနစ်တကျ လိုက်ပါ ဆောင်ရွက်ကာ ဒေသတွင်း တောင်သူအချင်းချင်း စပါးမျိုးစေ့များ ဖြန့်ဖြူးဆောင်ရွက်ရန်နှင့် ယခု ပထမအကြိမ်အဖြစ် တစ်ဧကလျှင် မျိုးစေ့ဘိုးကျပ် (၈၅၀၀)နှင့် စိုက်ပျိုး ပြုစုစရိတ် ကျပ် (၇၅၀၀၀)အား တောင်သူ တစ်ဦးချင်းသို့ ပေးအပ်သွားမှာဖြစ်ပြီး ဒုတိယအကြိမ် မျိုးကွဲနုတ်စရိတ်အတွက် ကျပ်(၃၀၀၀၀)၊ တတိယအကြိမ် မျိုးကွဲပယ်ရန်နှင့် မျိုးပြန်လည်သန့်စင်ရန်အတွက် ကျပ်(၃၅၀၀၀)အား ဆက်လက် ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦးစီးအဖွဲ့ဉက္ကဋ္ဌ ဦးကျောက်တယ်ချန်နှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများက ပထမအကြိမ် တစ်ဧက မျိုးစေ့ဘိုးကျပ် (၈၅၀၀)နှင့် စိုက်ပျိုးပြုစုစရိတ် ကျပ် (၇၅၀၀၀) အား ဆင့်ကိုင်ကျေးရွာ တောင်သူ (၅၂)ဦး ၊ (၄၆) ဧက အတွက် ကျပ်(၃၈)သိန်းခန့်နှင့် ဟုန်စင်ချုံကျေးရွာ တောင်သူ (၈) ဦး ၊ (၃၈) ဧက အတွက် ကျပ် (၃၂)သိန်း ခန့် အား တောင်သူတစ်ဦးချင်းသို့ အသီး သီး ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်ဇော်အောင် (ပြန်/ဆက်)