ငါန်းဇွန်မြို့နယ်အတွင်းရှိ ဆည်များအတွင်း ငါးမျိုးစိုက်ထည့်ခြင်းဆောင်ရွက်

ငါန်းဇွန် ဩဂုတ် ၂၀

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ရှိ ဆည်များအတွင်း ငါးလုပ်ငန်းဦးစီးဌာနမှ ဒေသခံပြည်သူများ ငါးရိက္ခာဖူလုံစွာစားသုံးနိုင်ရန်နှင့် ငါးမျိုးပြုန်းတီးမှုမရှိစေရန် ရည်ရွယ်၍ ငါးမျိုးစိုက်ထည့်ခြင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားကို မြို့သာဆည်၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါငါးမျိုးစိုက်ထည့်ပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဆန်းဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇင်သန့်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝေဝေနှင့် ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံပြည်သူများပူးပေါင်း၍ မြို့သာဆည်အတွင်း ငါးမြစ်ချင်းကောင်ရေတစ်သိန်းကို ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ငါန်းဇွန်မြို့နယ်အတွင်းရှိ နတ်သားတောဆည်နှင့် ဖောင်းကတောဆည်တို့တွင်လည်း ငါးမြစ်ချင်းကောင်ရေ တစ်သိန်းစီကို ယနေ့တွင်ပင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက သက်ဆိုင်ရာဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ငါးမျိုးစိုက်ထည့်သွားမည်ဖြစ်ကြောင်း သိရသည်။                                              

သက်နောင်ဦး(ငါန်းဇွန်)