ဆိပ်ကြီးခနောင်တို နိုဝင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများ တွေ့ရှိမှု မရှိသလောက် နည်းပါးသွား သော်လည်း ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းမှ စ၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာပေးခြင်းနှင့် (Mask Campaign) ကို မြို့နယ်အတွင်း လူစည်ကားရာနေရာတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင် ဦးဆောင်၍ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ “ရွှေရန်ကုန်” စက်တပ်သမ္ဗန်ဆိပ်အနီးတွင် အကြောင်းအမျိုးမျိုးဖြင့် နေအိမ်ပြင်ပသွားလာသူများကို ပါးစပ်နှင့် နှာခေါင်းစည်း အကာအကွယ် Mask များ အခမဲ့ဖြန့်ဝေပေး၍ စနစ်တကျ တပ်ဆင်ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ခြင်းဆိုင်ရာ အမူအကျင့်ကောင်းများကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိလိုက်နာစေရန် အသိပေးပြောကြားပေးခြင်းတို့ကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ဝေယံ(IPRD)