ပြည်ကြီးမဏ္ဍိုင် နိုဝင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်ချက်များအရ ယနေ့ နံနက် (၁၀)နာရီခွဲ အချိန်မှစ၍ မြို့ပေါ်ရပ်ကွက်ရှိ လူစည်ကားရာ လမ်းဆုံနေရာများတွင် ကိုဗစ်-၁၉ ကူးစက် ပျံ့နှံမှု ကြိုတင် ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများအား အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော် လျက်ရှိ ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနှိုးဆော်မှုဆောင်ရွက်ရာတွင် မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ မီးသတ်ရေယာဉ်ဖြင့် လှည့်လည်ကာ မြို့ပေါ်ရပ်ကွက်ရှိ လူစည်ကားရာ လမ်းဆုံနေရာများတွင် လိုက်လံနှိုးဆော်ရာ၌ နေအိမ်အတွင်း၌သာ နေထိုင်ရန်၊ အိမ်တွင် ဧည့်သည် လက်ခံခြင်း လုံးဝမပြုရန်နှင့် မိမိကိုယ်တိုင်လည်း ဧည့်သည်အဖြစ် သွားရောက်ခြင်း လုံးဝမပြုရန်၊ နေအိမ်ပြင်ပသို့ မဖြစ်မနေ ထွက်ခွါပါက (Mask) နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ရန်၊ သက်ကြီးရွယ်အိုနှင့် နာတာရှည်ရောဂါ ဝေဒနာရှင်များရှိရာ နေအိမ်များသို့ ဝင်ထွက်သွားလာခြင်း ဂရုပြုရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကျဉ်ရန်၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာ နေထိုင်ကြရန်၊ လူစုလူဝေးရှောင် ရှားကြရန်၊ လက်ကိုဆပ်ပြာနှင့်စက္ကန့် (၂၀) ကြာ မကြာခဏ စနစ်တကျ ဆေးကြောရန်၊ (Mask) နှာခေါင်းစည်း မတပ်ဆင်ထား သောဈေးရောင်းချ သူများထံမှ ဈေးမဝယ်ကြရန်၊ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များမှ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်၊ အသုံးပြုပြီးသော (Mask) နှင့် တစ်ခါသုံးပစ္စည်းများကို နေအိမ်အပြင်တွင် စနစ်တကျ စွန့်ပစ်ရန်၊ အဝတ်အစားမလဲမီ ကိုယ်လက် သန့်စင်ခြင်းမပြုမီ အိမ်သားများနှင့် အနီးကပ် ရှောင်ကျဉ်ရန် စသည်တို့ကို အသိပေး ကြော်ငြာပေးကြောင်း သိရှိရသည်။
ထို့အပြင် မိမိအနေဖြင့် ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ် - ၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် မိဘပြည်သူများအနေဖြင့်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောညွှန်ကြားချက်များကို စနစ်တကျ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်တို့ကို အသိပညာပေး နှိုးဆော်တိုက်တွန်းခဲ့ကြောင်း သိရှိရသည်။
ကေခိုင်ဝင်း ( ပြန် / ဆက် )