မိတ္ထီလာခရိုင်တွင် ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေစေရန်  ကျေးလက်ကုန် ထုတ်လမ်း နှစ်လမ်း  ဆောင်ရွက်မည်

မိတ္ထီလာ   နိုဝင်ဘာ ၁၁

 မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမ ၆ လ၌ ငွေလုံးငွေရင်း (မူလ)ရန်ပုံငွေ ကျပ် ၁၂၇ သန်းကျော်ဖြင့် ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေ စေရန် ကျေးလက်ကုန်ထုတ်လမ်း နှစ်လမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ်များတွင် ကျေးလက်နေ ပြည်သူများ၏ လယ်ယာအထောက် အကူပြု ကုန်ထုတ်လမ်းသွယ်များ ဖွံ့ဖြိုးတိုးတက်ရေး ကုန်ထုတ်လမ်းများ ခင်းခြင်းလုပ်ငန်းများကို နှစ်စဉ် ဆောင်ရွက်ပေးလျက်ရှိရာမှ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမ(၆)လတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေ ကျပ် ၁၂၇.၀၇၇ သန်းဖြင့်  အရှည် ၁ မိုင်ရှိ သာစည်မြို့နယ် အောင်မြင်သာကျေးရွာမှ ကွင်းအမှတ် (၁၇၉၂၊ ၁၇၉၄၊ ၁၇၉၆)သို့ ဆက်သွယ်သောလမ်းနှင့် အရှည် ၁ မိုင် ၃ ဖာလုံ ရှိ ဝမ်းတွင်းမြို့နယ် အင်းကန်းကုန်းကျေးရွာ အရှေ့ဘက် ကွင်းအမှတ် (၁၂၅၂/၂၀၆၁)သို့ ဆက်သွယ် သော လမ်းအား မြေသားတင်ဂျင်းခင်း လုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)