တာမွေမြို့နယ်တွင် အသက်(၁၂)နှစ်မှ အသက်(၁၈)နှစ်အထိ အခြေခံပညာကျောင်းသား/သူ (၉၀၈)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီး

ရန်ကုန်   နိုဝင်ဘာ   ၁၀

“ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့ ” ဆိုသည့် ဆောင်ပုဒ်အတိုင်း ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်မှ အသက်(၁၈)နှစ်အထိ ကျောင်းသား/သူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိလာစေရန်၊ အတူနေ မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက် ပြန့်ပွားမှုကို တားဆီးရန်နှင့် ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန် ရရှိစေရန် ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် အသက်(၁၂)နှစ်မှ အသက်(၁၈)နှစ် အထိ အခြေခံပညာ ကျောင်းသား/သူ များအား တရုတ်နိုင်ငံထုတ် Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ ယနေ့အထိ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်)ထိုးနှံပြီးစီးသည့် အသက် (၁၂)နှစ်မှ အသက်(၁၈)နှစ်အထိ အခြေခံ ပညာ ကျောင်းသား/သူ (၉၀၈)ဦးထိရှိပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ တာမွေမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်မှ အသက်(၁၈)နှစ်အထိ အခြေခံပညာ ကျောင်းသား/သူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် လာရောက် ထိုးနှံကြသည့် ကျောင်းသား/ သူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ အသင်းဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ မိဘဆရာအသင်းဝင်များ၊ ကျောင်းအကျိုး တော်ဆောင်များ၊ ရပ်မိရပ်ဖများ၊ လူမှုကူညီရေး အသင်းဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်ကို စနစ်တကျ ဆေးကြောစေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ တန်းစီစောင့်ဆိုင်းစေခြင်း အပါအဝင် လိုအပ်သည် များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ အသက်(၁၂)နှစ်မှ အသက်(၁၈)နှစ်အထိ အခြေခံပညာ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ၂၀၂၁-ခုနှစ် အောက်တိုဘာလ(၁၇)ရက်နေ့က တာမွေမြို့နယ် အတွင်းရှိ အခြေခံပညာ အလယ်တန်းကျောင်း (၄)ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း (၇)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၄)ကျောင်းမှ အသက်(၁၂)နှစ်မှ အသက်(၁၈)နှစ်အထိ ကျောင်းသား/သူ (၁၁၃)ဦးကိုလည်းကောင်း၊ အောက်တိုဘာလ (၂၉)ရက်နေ့တွင် ကျောင်းသား/သူ (၅)ဦးအား လည်းကောင်း၊ နိုဝင်ဘာလ (၄)ရက်နေ့တွင် ကျောင်းသား/သူ (၆၇၂)ဦး နှင့် နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျောင်းသား/သူ (၁၁၈)ဦးအားလည်းကောင်း ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်ရာ ယနေ့အထိ တာမွေမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်မှ အသက်(၁၈)နှစ်အထိ ကျောင်းသား/သူ (၉၀၈)ဦးအား (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ပြီး ၂၀၂၁-ခုနှစ် နိုဝင်ဘာလ(၁၄)ရက်နေ့၊ ဒီဇင်ဘာလ(၂)ရက်နေ့နှင့် (၆)ရက်နေ့များတွင် နံနက်(၉)နာရီအချိန်မှစတင်ကာ မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်မှ အသက်(၁၈)နှစ်အထိ ကျောင်းသား / သူများအား (ဒုတိယအကြိမ်)အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်း ရရှိပါသည်။

နိုင်လင်းအောင်