ရန်ကုန် နိုဝင်ဘာ ၁၀
မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်စေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ဦးစားပေးအစီအစဉ်အလိုက် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း အချိန်ကလည်း ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ရုံးတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBSယာဉ်လိုင်းများမှ ယာဉ်မောင်းများအား တရုတ် နိုင်ငံထုတ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
“ပထမတစ်ကြိမ်တုန်းက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့တဲ့ ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိတဲ့ YBS ခရီးသည်တင် ယာဉ်လိုင်းများမှ ယာဉ်မောင်းတွေနဲ့ ကုမ္ပဏီဝန်ထမ်းတွေကို ဒုတိယအကြိမ်အနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးတာဖြစ်ပါတယ်။
နိုဝင်ဘာလ(၁၀)ရက်နေ့ကနေ နိုဝင်ဘာလ(၁၃)ရက်နေ့အထိ နံနက်(၉)နာရီ ကနေ ညနေ(၄)နာရီအထိ လေးရက်ကြာ ထိုးနှံပေးသွားမှာဖြစ်ပါတယ် ” ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောကြားခဲ့သည်။
“ယခုလက်ရှိအချိန်တွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်း ကျဆင်းလာပေမဲ့လည်း YBS ယာဉ်တွေပေါ်မှာ ကိုဗစ်-၁၉ရောဂါ ပျံ့နှံမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်း တွေအပြင် ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်ပြီး ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေဖို့အတွက် အသိပညာပေး လုပ်ငန်းတွေကိုလည်း စဉ်ဆက်မပြတ် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါတယ် ” ဟု ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။
အဆိုပါ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများမှ ယာဉ်မောင်းများနှင့် ကုမ္ပဏီဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် လာရောက် ထိုးနှံသူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း ၊ သွေးပေါင်ချိန်ပေးခြင်း၊ လက်ကို စနစ်တကျ ဆေးကြောစေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ တန်းစီးစောင့်ဆိုင်းစေခြင်း အပါအဝင် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ ကြကြောင်း သိရသည်။
လက်ရှိအချိန်တွင် ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများ အဆင်ပြေချော့မွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)၏ စီမံမှုဖြင့် နေ့စဉ် YBS ယာဉ်လိုင်း(၉၇)လိုင်းမှ ယာဉ်အစီးရေ (၂၆၀၀)ခန့်ဖြင့် ခရီးသွားပြည်သူ (၄)သိန်းခွဲခန့်အား ပို့ဆောင်ပေးလျက်ရှိရာ YBS ခရီးသည်တင် ယာဉ်မောင်းများအနေဖြင့် နေ့စဉ်ခရီးသွားပြည်သူများနှင့် ပြောဆိုဆက်ဆံနေကြရပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရရန် လွယ်ကူနေသဖြင့် ၂၀၂၁-ခုနှစ် အောက်တို ဘာလ(၁၃)ရက်နေ့ကနေ အောက်တိုဘာလ(၁၆)ရက် နေ့အထိ YBS ယာဉ်လိုင်းကုမ္ပဏီ (၁၉)ခု၊ ပုဂ္ဂလိကကြီးကြပ်(၄)ခု စုစုပေါင်း(၂၃)ခုမှာရှိတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးတဲ့ ယာဉ်မောင်းများနှင့် ကုမ္ပဏီဝန်ထမ်း (၂၅၅၅)ဦးအား (ပထမအကြိမ်)အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံပေးနိုင်ခဲ့ပြီး ယခုအခါ အဆိုပါ YBS ယာဉ်မောင်းများနှင့် ကုမ္ပဏီဝန်ထမ်း များအား (ဒုတိယ အကြိမ်)အဖြစ် ၂၀၂၁-ခုနှစ် နိုဝင်ဘာလ(၁၀)ရက်နေ့ကနေ နိုဝင်ဘာလ(၁၃)ရက်နေ့အထိ (၄)ရက်ကြာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ သတင်းရရှိပါသည်။
နိုင်လင်းအောင်