ဆီဆိုင်မြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

ဆီဆိုင်     နိုဝင်ဘာ   ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ယမန်နေ့နံနက် ၁၀ နာရီခန့်က လွယ်ပွတ်ကျေးရွာအုပ်စု၊ လွယ်ပွတ်အခြေခံပညာအထက်တန်းကျောင်း၌ ဆေးထိုးအဖွဲ့များဖြင့် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းနှင့် သွေးတွင်းအောက်ဆီဂျင် ပါဝင်မှုတိုင်းတာပေးခြင်းတို့ကို မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက စနစ်တကျ ဆောင်ရွက်ပေး၍ ပုံမှန်အနေအထားရှိမှသာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးသူများကိုလည်း မိနစ် ၃၀ ခန့် အနားယူစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခဲ့ကြောင်းသိရသည်။

အဆိုပါ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား      ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးခြင်းလုပ်ငန်းကို သက်ဆိုင်ရာတာဝန်ရှိသူများ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်း များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများက ပူးပေါင်းပါဝင်ဆောင်ရွက် ပေးခဲ့ကြပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများကို သတ်မှတ်စုရပ်နေရာများ၌ ဆက်လက်ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)