ဟိုမိန်း ဩဂုတ် ၁၉
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင် စာရင်းများ တိကျမှန်ကန်စွာ ဖြစ်စေရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေးအတွက် ဟိုမိန်းမြို့ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ၌ ကွင်းဆင်းကောက်ယူထားသော မဲဆန္ဒရှင်စာရင်းများကို အခြေခံပြီး မြေပြင် အခြေအနေ စာရင်းမှန် ရရှိရေးအတွက် မဲဆန္ဒရှင်စာရင်းတွင် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်း လုပ်ငန်းများအား မြို့စစ်ဆေးရေးအဖွဲ့က ယနေ့ နံနက်ပိုင်းမှ စတင်၍ ဩဂုတ်လ (၂၁)ရက်နေ့ အထိ (၃)ရက်ကြာ မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်းနှင့် တာဝန်ရှိသူတို့က အမှတ်(၂) ရပ်ကွက်၊ ခုံလုံကျေးရွာအုပ်စုနှင့် နောင်အော ကျေးရွာ အုပ်စုသို့ ကွင်းဆင်း၍ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရပ်ကျေးစာရေးများက ပြုစုထားသည့် မဲဆန္ဒရှင်စာရင်းများတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားပါ အချက်အလက် မှန်ကန်ရေးစစ်ဆေးခြင်း၊ မဲစာရင်း၌ အမည်(သို့မဟုတ်) နေရပ်နှင့် စပ်လျဉ်းသည့် ဖော်ပြချက်များအား တိုက်ဆိုင်စစ်ဆေးခြင်းနှင့် မဲစာရင်း၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကျန်ရှိမှု မရှိစေရန် အိမ်တိုင်ရာရောက် ကွင်းဆင်းတိုက်ဆိုင် စစ်ဆေးခဲ့ပြီး ပြင်ဆင် ဖြည့်စွက်ရန် လိုအပ်ပါက ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲသို့ အချိန်နှင့် တစ်ပြေးညီ ပေးပို့စေရေး ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
နန်းဆေး(ပြန်/ဆက်)