ကော့သောင်း နိုဝင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm အား ဒုတိယအကြိမ်ဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ နံနက်ပိုင်းက သက်ဆိုင်ရာရပ်ကွက်အလိုက် ဆေးထိုးစုရပ်အသီးသီးတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အမှတ်(၁၃)ကုတင်(၁၀၀) တပ်မတော်ဆေးတပ်ဖွဲ့ဝင်များ၊ စစ်ဗျူဟာဆေးအဖွဲ့ (ကော့သောင်း) နှင့် ကော့သောင်းမြို့၊ ပြည်သူ့ကျန်းမာရေးဌာန ကျန်းမာရေး ဝန်ထမ်းများက ပူးပေါင်း ထိုးနှံပေးခြင်းဖြစ်သည်။
ကော့သောင်းမြို့နယ်အနေဖြင့် ၂၀၂၁ခုနှစ်၊ ဇွန်လအတွင်းက သံဃာတော်နှင့် သီလရှင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ အပါအဝင် လူဦးရေစုစုပေါင်း (၅၄၂၅) ဦးအား အိန္ဒိယနိုင်ငံထုတ် COVISHIELD ကာကွယ်ဆေး (၂) ကြိမ်စီ အကြိမ်ပြည့် ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း၊ ယခုတရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဖြင့် အသက်၁၈နှစ်အထက် မြို့နေပြည်သူများအား ဆက်လက်ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးသူ (၃၆၆၀၀) ကျော်နှင့် နှစ်ကြိမ်အပြည့်ထိုးနှံပြီးသူ (၂၉၈၉၅) ကျော်ခန့် ရှိပြီးဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ဆေးထိုးရန်စာရင်းပေးထားသည့် မြို့နေ့ပြည်သူ မည်သူ့ကိုမဆို ထိုးနှံပေးခြင်းဖြစ်ပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအထိ သတ်မှတ်ရက်များအလိုက် ဆေးထိုးအဖွဲ့များဖြင့် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့ပထမကြိမ် ဆေးထိုးနှံပြီးသူ အောင်သုခရပ်ကွက်ပြည်သူ (၄၀၀) ခန့်အား ရပ်ကွက် သဲတန်းဓမ္မာရုံတွင် အမှတ်(၁၃)ကုတင်(၁၀၀) တပ်မတော်ဆေး တပ်ဖွဲ့ဝင်များက လည်းကောင်း၊ ဘုရင့်နောင်ရပ်ကွက်၊ ပြည်သူ(၃၅၀)ကျော်ခန့်အား၊ မဉ္ဇူသကပြည်သူ့ခန်းမှတွင် စစ်ဗျူဟာအဖွဲ့(ကော့သောင်း) ဆေးတပ်ဖွဲ့ ကလည်းကောင်း၊ ဘန်းကချွန်ကျေးရွာ၊ကျေးလက်ပြည်သူ(၃၄၅)ဦးခန့်ကို ကျေးရွာ ဓမ္မာရုံ၌ မြို့နယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများကလည်းကောင်း၊ ဒုတိယအကြိမ် အဖြစ် တစ်ပြိုင်နက်တည်း ထိုးနှံပေးကြခြင်းဖြစ်ကြောင်းလည်း သိရသည်။
ကျော်စိုး (ကော့သောင်း)