နေပြည်တော် နိုဝင်ဘာ ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စည်းကမ်းမဲ့ ကျွဲ၊ နွား မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေခြင်းနှင့် လိုင်စင်မဲ့ အုတ်ဖုတ်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်တွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စည်းကမ်းမဲ့ ကျွဲ၊ နွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုများကြောင့် မြို့တော်၏ သန့်ရှင်းသာယာလှပနေမှုကို များစွာထိခိုက်ပျက်စီးနေမှုများ ဖြစ်ပေါ်နေကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့် ကျွဲ၊ နွားများကို စည်းကမ်းမဲ့ လွှတ်ကျောင်းမှုများ လုံးဝမရှိအောင် အထူးအလေး ထားကြပ်မတ်ဆောင်ရွက် ရမှာဖြစ်ပြီး သက်ဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ တရားမဝင် လိုင်စင်မဲ့ အုတ်ဖုတ်လုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင် သစ်တောသစ်ပင်များ ထိခိုက်ပျက်စီးခြင်း၊ လယ်မြေယာမြေများ ပျက်စီးဆုံးရှုံးခြင်းအပြင် တရားဝင်ဥပဒေနှင့်အညီ သတ်မှတ်စည်းကမ်း များဖြင့် လည်ပတ်ဆောင်ရွက်နေသည့် အုတ်စက်ရုံများမှာများစွာ ထိခိုက်ဆုံးရှုံး နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ တရားမဝင် လိုင်စင်မဲ့အုတ်ဖုတ်လုပ်ငန်းများ မဖြစ်ပေါ်စေရေး အတွက် သက်ဆိုင်ရာဌာနများအနေဖြင့် အထူးအလေးထားပြီး သက်ဆိုင်ရာ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သည် နိုင်ငံ၏မြို့တော်ဖြစ်သည်နှင့်အညီ မြို့တော်သန့်ရှင်း သာယာလှပရေး၊ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေးနဲ့ တရားဝင်လုပ်ငန်းများကို ဥပဒေနှင့်အညီ မြှင့်တင်ဆောင်ရွက်ပေးနိုင်ရေးတို့အတွက် စည်းကမ်းမဲ့ ကျွဲ၊ နွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် တရားမဝင် လိုင်စင်မဲ့အုတ်ဖုတ်လုပ်ငန်းများ ဆောင်ရွက်နေမှုများကို အထူး အလေးထားပြီး ဥပဒေလုပ်ထုံး လုပ်နည်းများနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက် နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများက မိမိတို့နှင့် သက်ဆိုင်သည့် ကဏ္ဍများအလိုက် ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က တင်ပြချက် များနှင့်စပ်လျဉ်၍ ဖြည့်စွက် ဆွေးနွေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က တင်ပြဆွေးနွေးချက်များနှင့်ပတ်သက်၍ ဖြည့်စွက် ဆွေးနွေးပြီး နေပြည်တော်အတွင်း စည်းကမ်းမဲ့ ကျွဲ၊ နွား မွေးမြူရေး လုပ်ငန်းဆောင်ရွက်နေခြင်းနှင့် လိုင်စင်မဲ့ အုတ်ဖုတ် လုပ်ငန်းများ လျော့နည်းပပျောက်စေရေးအတွက် ဥပဒေလုပ်ထုံး လုပ်နည်းများနဲ့အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက် နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအားလုံးကပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)