မလှိုင်မြို့နယ်တွင် မြေပဲဖေါ်ချိန်  အငှါးလိုက်ဆွတ်သူများ အပိုဝင်ငွေ ရရှိ၍ အဆင်ပြေ

မလှိုင်    နိုဝင်ဘာ  ၁ဝ

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် မိုးဦးကာလက စိုက်ပျိုးထားသော သုံးလ ပင်ထောင် မြေပဲနှင့် လေးလ (ပင်ပြန့်ရောင်) မြေပဲများ ယခုကာလတွင် လှိုင်လှိုင်ထွက်ရှိနေချိန်ဖြစ်၍  မြေပဲ အငှါးလိုက်ဆွတ်သူများ အပိုဝင်ငွေ ရရှိပြီး အဆင်ပြေ လျက်ရှိကြောင်း သိရသည် ။  

မလှိုင်မြို့ နယ်တွင် ဆီထွက်သီးနှံဖြစ်သည့် သုံးလ ပင်ထောင်မြေပဲ ဆင်းပဒေသာ(၁၁)၊ ခါးတုတ်မျိုး နှင့် လေးလ (ပင်ပြန့်ရောင်) မြေပဲများကို  မိုးဦး နှမ်းသီးနှံ ရိတ်သိမ်းအပြီး ဩဂုတ်၊ စက်တင်ဘာလ များတွင် စတင်စိုက်ပျိုးခဲ့ကြပြီး ယခုကာလသည် မြေပဲများ ဖေါ်ယူနေချိန်ဖြစ်၍ မြေပဲ အငှါးလိုက် ဆွတ်သူများ များပြားပြီး အပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။   “  မြေပဲ ဆွတ်ခ အနေနှင့် တစ်တင်းကို နှစ်ပြီရကြောင်း၊ တစ်နေကုန် ဆွတ်ရင် ကိုယ် တွက် ၆/၇ ပြီတော့ အနည်းဆုံး  ရရှိကြောင်း၊ တစ်ခြားနေ့စား အလုပ် လုပ်တာထက်တော့ ပိုအဆင်ပြေ ကြောင်း၊ ဒီနှစ် မိုးကောင်း တော့မြေပဲအဆံ အောင်ပြီး အထွက်နှုန်းလည်းကောင်းကြကြောင်း မြေပဲ ဆွတ်သူ ဒေါ်ကေ”က ပြောပြခဲ့သည်။    ထို့အပြင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစန်းယုကလည်း မလှိုင်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် မြေပဲကို မိုးဦးနှမ်းသီးနှံအပြီးတွင်စိုက်ပျိုးလေ့ရှိပြီး ယခုနှစ် တွင် မြေပဲစိုက်ဧက (၂၉ဝ၃၅ )ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ထို့အပြင် ဆင်းပဒေသာ(၁၁)မျိုးနှင့် ခါးတုတ် (ဒေသအခေါ် ပိုက်ကွက်)မြေပဲမျိုးသည် သက်တမ်းအားဖြင့် (၁ဝ၅/၁၁ဝ )ရက်သာရှိပြီး မိမိတို့ ဒေသ‌ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီပြီး အထွက်နှုံးကောင်းမွန်သဖြင့် မျိုးပွားနိုင်အောင် မျိုးပွား၊ မျိုးသန့် စံပြစိုက်ကွက်များထူထောင်ပြီး မျိုးသန့်ပြန့်ပွား အောင်ဆောင်ရွက်ပေးလျက်ရှိကြောင်း ကိုလည်း ပြောပြ၍ သိရသည်။

 အောင်ဌေး(မလှိုင်)