မြစ်ကြီးနား နိုဝင်ဘာ ၁၀
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးနှင့် ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ယမန်နေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဗန်းမော်မြို့ အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဗန်းမော်ခရိုင်ဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းရရှိရေးနှင့်ကုန်စည်စီးဆင်းမှုလျင်မြန်ချောမွေ့လာစေရေးအတွက် ဗန်းမော်မြို့တွင် ခေတ်မီ စနစ်ကျသည့် အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်အကောင်အထည်ဖော်နိုင် ရေးကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းအကောင်အထည်ဖော်နိုင်ရေးအတွက် ဥပဒေလုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန် ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန် လိုအပ်ပါကြောင်းဖြင့် တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီးက ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားမည့်ကိစ္စရပ်များ နှင့်ပတ်သက်၍ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်နိုင်ရေး အကြံပြုဆွေးနွေးပြောကြားကာ အဝေးပြေးယာဉ်ရပ်နားစခန်း ရင်းနှီးမြှုပ်နှံ အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် စိန်မောင်နှမကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာက လုပ်ငန်းစီမံကိန်းများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဥပဒေလုပ်ထုံး လုပ်နည်းများ၊ အမိန့်ညွှန်ကြားချက်များနှင့် လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်သည့် ကိစ္စရပ်များကို အကြံပြုသုံးသပ်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က အဝေးပြေးယာဉ်ရပ်နားစခန်း အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း အမိန့်ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်တွင်းနေရပ်စွန့်ခွာသူ များပြန်လည်နေရာချထားရေး နှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့် ကော်မတီနှင့် ဘာသာရေးအသင်းအဖွဲ့ခေါင်းဆောင် များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဆက်လက်ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ ညီနောင် သားချင်းတိုင်းရင်းသား ညီအစ်ကိုများသည် ၎င်းတို့၏ နေရပ်များမှ မလွဲမရှောင်သာစွန့်ခွာလာခဲ့ ကြသည်မှာ ၁၀ နှစ်ကျော်လာပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် နေရပ်စွန့်ခွာသူများ နေရပ်သို့ သိက္ခာရှိစွာနေရပ်ပြန်လည်နေထိုင်နိုင်ရေး၊ ဘဝရပ်တည်နေထိုင်နိုင်ရေးအပြင် ခိုလုံရာစခန်းများ ပိတ်သိမ်းရေးတို့အတွက် မိမိတို့အားလုံး စုပေါင်း၍ ဝိုင်းဝန်းညှိနှိုင်းပေါင်းစပ်ပြီး လက်တွေ့ ကြိုးစား ဆောင်ရွက်မှသာ ထိရောက်အောင်မြင်မည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့ခေါင်းဆောင်များက နေရပ်စွန့်ခွာသူများ နေရပ်ကျေးရွာများတွင် ပြန်လည်အခြေချနေထိုင်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် နေအိမ်အဆောက်အအုံများ အသစ်တည်ဆောက်ပြုပြင်နိုင်ရေး စီမံဆောင် ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ ဘာသာရေးအဖွဲ့အစည်းများမှ ပြောင်းရွေ့ နေရာချထားပေးမှုနှင့် နေရပ်ပြန်လည်နေထိုင်ရေးဆောင်ရွက်ခဲ့မှုများ၊ ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွား မည့်ကိစ္စရပ်များနှင့် ပြန်လည်ထူထောင်ရေး ဘဝရပ်တည်နေထိုင်ရေးအတွက် လိုအပ်ချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရေးစခန်းများ ပိတ်သိမ်းနိုင် ရေးအတွက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွား မည့်လုပ်ငန်းများတွင် အောင်မြင်ထိရောက်စွာ ဆောင်ရွက် နိုင်ရေးအတွက် အားလုံးပါဝင်သည့် လုပ်ငန်းကော်မတီတစ်ခုဖွဲ့စည်းပြီး ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ပြည်နယ် (ပြန်/ဆက်)