မိုင်းခုတ် နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စာအုပ်စာစောင် ချစ်မြတ်နို သူများအသင်း (Book Club) နှင့် လူငယ်လူရွယ်အသင်း (Youth Club) တို့ပူးပေါင်း၍ စာရေးဆရာအောင်သင်း ရေးသားသည့် ရည်မှန်းချက်နှင့် ပြဿနာ အထွေထွေစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးအားချာ က လူငယ်များသည် စာဖတ်သင့်ကြောင်း၊ စာဖတ်ခြင်းမှ ရရှိသော အတွေ့အကြုံပညာများသည် ဘဝရည်မှန်းချက်လျှောက်လှမ်းရာ၌ အထောက်အကူ ရရှိကြောင်း၊ စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး ပိုမိုရင်းနှီးပြီး စာပေများအကြောင်းကို ဆွေးနွေးဖလှယ်နိုင်ကြောင်း စသည်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် Book Club အသင်းဥက္ကဋ္ဌ ဦးဟန်ဝင်းစိုးက “ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ” စာအုပ်မှ “ရည်မှန်းချက်နဲ့ ယုံကြည်မှု” အကြောင်းကိုလည်းကောင်း၊ Youth Club အဖွဲ့ဝင် ဦးရဲထွန်းဦးက “မြင့်မားသော ဘဝရည်မှန်းချက်နဲ့ မျိုးရိုးဗီဇ” အကြောင်းကိုလည်းကောင်း၊ Book Club အဖွဲ့ဝင် မောင်လင်းထွန်းက “လူငယ်တစ်ယောက်အနေဖြင့် ဘဝရည်မှန်းချက် အောင်မြင်ရေး” အကြောင်းအရာကို လည်းကောင်း၊ ရုပ်သံကျွမ်းကျင်(၃) ဦးအောင်လွင်ဌေးက “မျှော်လင့်ချက်နှင့် စွန့်လွှတ်ခြင်း” အကြောင်းအရာကိုလည်းကောင်း အသီးသီးဆွေးနွေး ဖတ်ကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် လူငယ်လူရွယ် (Youth Club) အသင်းဝင်တို့က ၎င်းတို့ဖတ်ကြားသည့် ဆွေးနွေးချက်များ အပေါ် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အားချာ