လှိုင်မြို့နယ်တွင် အသက်(၄၀)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းများဆောင်ရွက်

လှိုင် နိုဝင်ဘာ ၁၀

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် အမှတ် ၁၂ ရပ်ကွက်၊ သိပ္ပံပစ္စည်းစက်ရုံ၀န်း၊ လှိုင်ကုသရေး စင်တာတွင် ယမန်နေ့ နံနက်(၉)နာရီ အချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်း များကို ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆေးထိုးနှံရာတွင် ရပ်ကွက်(၁၆)ခု အတွင်းရှိ အသက်(၄၀)နှစ်အထက် ရပ်ကွက်နေပြည်သူများ စုစုပေါင်း(၅၃၀)ဦးကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကာကွယ်ဆေး ထိုးနှံသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပြီးမှသာ ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။ ကာကွယ်ဆေး ထိုးနှံရာ နေရာသို့ လှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်နှင့် တာဝန်ရှိသူများက ကြီးကြပ်၍ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ မြို့နယ် စည်ပင်သာယာရေးဝန်ထမ်းများ၊ စေတနာရှင် Volunteer များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူ မိဘပြည်သူများအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)