လှိုင်သာယာမြို့နယ်တွင် ကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဆင်း ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မင်္ဂလာဒုံ နိုဝင်ဘာ ၉

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ရန်ကုန်တိုင်း ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့မှ လမ်းညွှန်မှု များနှင့် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းကို အရေးပေါ်ကုသရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်ရန်နှင့် ကြက်ခြေနီသူနာပြုများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မြို့နယ်ကြက်ခြေနီ အသင်းခွဲရုံးများတွင် ဖွင့်လှစ်ကြရာ ယနေ့ နံနက်(၉)နာရီက ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ် ကြက်ခြေနီ အသင်းခွဲရုံးတွင် သင်တန်းဆင်းပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဗဟိုကောင်စီဝင် ရန်ကုန်တိုင်းကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးကြည်က အဖွင့်အမှာစကားပြောကြားပြီး အကောင်းဆုံးဆုရ သင်တန်း သားကို ဆုချီးမြှင့်ခဲ့သည်။ ဆက်လက်ပြီး ကြက်ခြေနီခရိုင်ဥက္ကဋ္ဌ ဦးနေဆန်း၊ ခရိုင်တပ်ဖွဲမှူး ဦးထိန်လင်း၊ မြို့နယ်တပ်ဖွဲ့မှူးတို့က သင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် သင်တန်းသား၊ သင်တန်းသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။ သင်တန်းကာလမှာ ရက်သတ္တပတ် (၇)ရက်ဖြစ်ပြီး သင်တန်းတွင် ရှေးဦးပြုစုခြင်းနည်းလမ်းများနှင့် လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် ကုသရေးအပိုင်းများ ပါဝင်သည်။

အဆိုပါ သင်တန်းကို လှိုင်သာယာအရှေ့၊ လှိုင်သာယာအနောက်တို့မှ ပရဟိတအသင်း(၄)သင်း၊ သင်တန်းသား(၂၀)ဦးနှင့် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်(၁၀)ဦးတို့ တက်ရောက်ခဲ့သည်။ သင်တန်းဆင်းပွဲကို တိုင်းကြက်ခြေနီဥက္ကဋ္ဌနှင့် ခရိုင်ဥက္ကဋ္ဌ၊ ခရိုင်တပ်ဖွဲ့မှူး၊ မြို့နယ်တပ်ဖွဲ့မှူး သင်တန်းသားများ တက်ရောက်ကြပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ သင်တန်းဆင်းပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

မျိုးသန့်(မင်္ဂလာဒုံ)