သီပေါမြို့နယ်၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

သီပေါ နိုဝင်ဘာ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့ပေါ်စုရပ်နေရာတွင် ကျန်းမာရေးဝန်ထမ်း များက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သီပေါမြို့နယ်အတွင်း စက်တင်ဘာလက ပထမအကြိမ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့သော ဦးစားပေးအုပ်စုအလိုက် သတ်မှတ်ထားရှိသူများအား  ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိရာ ၂၀၂၁ခုနှစ်၊ အောက်တိုဘာလ(၂၃) ရက်နေ့မှ နိုဝင်ဘာလ (၈) ရက်နေ့အထိ လူဦးရေစုစုပေါင်း(၆၄၃၅)ဦးကို ထိုးနှံပေးနိုင်ခဲ့ပြီး ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံသည့်နေရာသို့ ဆေးထိုးရန်လာရောက်သော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကိုယ်ပူချိန်တိုင်းတာ စစ်ဆေးပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့် သန့်စင်စေခြင်း၊ သွေးပေါင်ချိန် တိုင်းတာစစ်ဆေးပေးခြင်း၊ မှတ်တမ်းရေးသွင်းခြင်းများကို ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာန ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက စနစ်တကျ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေး(ပြန်/ဆက်)